ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

အသက်တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက်၂၀ ကျော်အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကိုချောင်းသာ၊ ဆိပ်ကြီးကျေးရွာက သစ်တောကြိုးဝိုင်းထဲမှာ ​ဒေသခံ​တွေကမေလ၂ ရက်​မှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

“ဓားနဲ့ထိုးပြီးသတ်ထားတဲ့အနေအထား မြင်ရတာ။ ဒေသခံတွေကစပြီးတွေ့လို့ သိရတာ။ သားအမိတွေလား ဘာလားတော့မသိဘူး။ တော်တော်လေးထူးဆန်းနေတယ်” လို့ ချောင်းသာကမ်းခြေမှာနေ
ထိုင်သူတစ်ဦးကပြောပါတယ်။

ချောင်းသာမြို့ခံတယောက်က “သေဆုံးအလောင်းတွေက တဲတလုံးထဲမှာ တွေ့ရတာ။ လည်ပင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ အလောင်းတွေကို တာဝန်ရှိသူတွေ စစ်ဆေးဖို့ သယ်ယူသွားတာ တွေ့ရတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကရုပ်အလောင်းရှိရာနေရာကိုလာရောက်စစ်ဆေးခဲ့ပြီး ချောင်းသာဆေးရုံကိုပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဆိပ်ကြီးကျေးရွာနဲ့ သစ်တောကြိုးဝိုင်းပတ်ဝန်းကျင်က ဒေသခံတချို့ကို စစ်ဆေးနေပြီး ငါဦးထက်မနည်းကိုဖမ်းဆီးထားတယ်လို့လည်း သတင်းရရှိပါတယ်။

“အမှုကဘယ်လိုဖြစ်တယ်လို့မသိရသေးဘူး။ အဖမ်းခံရတဲ့သူတွေကတော့ သူတို့ကိုထောင်ချောက်ချဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပို့မှာကိုကြောက်နေကြတယ်။လူငယ်တွေလည်းမနေရဲတော့ဘူးဖြစ်နေတယ်”လို့ဒေသခံတဦးကပြောပါတယ်။

“ချောင်းသာရဲ့ သစ်တောကြိုးဝိုင်းတွေထဲမှာ အမျိုးသမီးက ထုတ်တန်းမှာ ကြိုးနဲ့ လည်ပင်းပြတ်ရှနဲ့ သေနေပြီးတော့ ကလေးကလည်း လည်ပင်းဒဏ်ရာနဲ့ သူ့ရှေ့မှာ လဲကျ‌သေနေတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောပါတယ်။

သေဆုံးသူ သားမိနှစ်ဦးစလုံးတွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်စီ တွေ့ရှိရကြောင်း သိရပြီး လက်ရှိတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် နယ်မြေရဲစခန်းမှတစ်ဆင့် ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒေသအများစုမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး လူသတ်မှုတွေ၊ အလောင်းဖျောက်ဖျက်မှုတွေ၊ ဓားပြတိုက်လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကလည်း ဧရာဝတီတိုင်း ရန်ကုန်-ဇလွန်လမ်းပိုင်းမှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတလောင်းတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်ကလည်း ဖျာပုံမြို့နယ်ထဲမှာ အမျိုးသမီးနဲ့တစ်ဦးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းဖျောက်ဖျက်မှု၊ ဟင်္သာတမြို့မှာ ဆရာဝန်လင်မယား သတ်ဖြတ်ခံရမှု၊ ပုသိမ်မြို့မှာကျောင်းသားချင်းအုပ်စုဖွဲ့ရိုက်နှက်ပြီးလူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(​ချောင်းသာကမ်း​ခြေကို ၂၀၂၄ ​နွေရာသီက​တွေ့ရစဥ်။ ။ဓါတ်ပုံ-MOI)


Leave a Reply

Your email address will not be published. Required fields are marked *