အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခရီးနှင်နေသည့် ခရီးသည်တင်သင်္ဘောတစင်းပေါ်တွင် လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံးတဦးမှာ ကြွက်များမှတဆင့် လူသို့ကူးစက်တတ်သော ရှားပါးရောဂါဖြစ်သည့် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။

လက်ရှိတွင် ကျန်းမာရေးတာဝန်ရှိသူများသည် အာဂျင်တီးနားနိုင်ငံ အူရွှာအာမြို့မှ ကိပ်ဗာဒီသို့ ခရီးနှင်နေသည့် MV Hondius သင်္ဘောပေါ်တွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြသည်။

ကူးစက်ခံရသူ တဦးကို အတည်ပြုနိုင်ခဲ့ပြီး အခြားခရီးသည် အနည်းဆုံး ငါးဦးခန့်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“ရောဂါဖြစ်ပွားသူ ခြောက်ဦးထဲမှာ သုံးဦး သေဆုံးသွားခဲ့ပြီး တဦးကတော့ လက်ရှိ တောင်အာဖရိကမှာ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ရှိနေပါတယ်” ဟု WHO က ဆိုသည်။

“ဓာတ်ခွဲခန်းစမ်းသပ်မှုတွေနဲ့ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအပါအဝင် အသေးစိတ်စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ခရီးသည်တွေနဲ့ သင်္ဘောသားတွေကို ဆေးဝါးကုသမှုနဲ့ ပံ့ပိုးမှုတွေ ပေးအပ်ထားပါတယ်။ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို စစ်ဆေးတာတွေလည်း ဆက်လုပ်နေပါတယ်” ဟု WHO က ပြောသည်။

ရောဂါလက္ခဏာပြနေသည့် အခြားခရီးသည် နှစ်ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရန် နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်ပေးနေသည်ဟုလည်း ဆိုသည်။

ဟန်တာဗိုင်းရပ်စ်သည် ရောဂါပိုးရှိသော ကြွက်များ၏ မစင် သို့မဟုတ် ဆီးတို့မှတဆင့် လူသို့ကူးစက်တတ်သည့် ရှားပါးရောဂါဖြစ်ပြီး၊ အသက်အန္တရာယ်ရှိနိုင်သလို သွေးလွန် ဖျားနာမှုကဲ့သို့ ပြင်းထန်သောရောဂါများလည်း ဖြစ်စေနိုင်သည်။

သေဆုံးသူများထဲတွင် ဇနီးမောင်နှံနှစ်ဦး ပါဝင်

တောင်အာဖရိက အမျိုးသားကျန်းမာရေးဌာန၏ အစောပိုင်း ထုတ်ပြန်ချက်အရ လူ နှစ်ဦးထက်မနည်း သေဆုံးစေခဲ့သည့် “ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ” ဖြစ်ပွားမှုရှိခဲ့ကြောင်းနှင့် တတိယမြောက်လူမှာ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖော်စတာ မိုဟေးလ်က ဂျိုဟန်နက်စ်ဘတ်တွင် ကုသမှုခံယူနေသည့် လူနာ၌ ဟန်တာဗိုင်းရပ်စ် ပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။

အသက် ၇၀ အရွယ် အမျိုးသားတဦးမှာ ပထမဆုံး ရောဂါလက္ခဏာပြခဲ့သူဖြစ်ပြီး သင်္ဘောပေါ်တွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို လက်ရှိတွင် တောင်အတ္တလန္တိတ်ရှိ ဗြိတိသျှပိုင်နက်ဖြစ်သော စိန့်ဟယ်လီနာကျွန်း၌ ထိန်းသိမ်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ထိုလူ၏ အသက် ၆၉ နှစ်အရွယ် ဇနီးဖြစ်သူမှာလည်း ဖျားနာခဲ့သဖြင့် တောင်အာဖရိကသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဂျိုဟန်နက်စ်ဘတ် ဆေးရုံတခုတွင် ကွယ်လွန်သွားခဲ့သည်။

သေဆုံးသူများ မည်သည့်နိုင်ငံသားဖြစ်သည်ကို အာဏာပိုင်များအနေဖြင့် အတည်မပြုနိုင်သေးကြောင်း မိုဟေးလ်က ပြောခဲ့သော်လည်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူမှာ အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတဦးဖြစ်ကြောင်း AFP က သတင်းဖော်ပြထားသည်။

Aljazeera မှ Three dead in suspected hantavirus outbreak on Atlantic cruise ship အား Brownie ဘာသာပြန်သည်။


Leave a Reply

Your email address will not be published. Required fields are marked *