🚨 ၁၅ မိနစ်အတွင်း အားလုံးကို ဖျက်ဆီးသွားတဲ့ ကြောက်ခမန်းလိလိ လေပြင်းမုန်တိုင်း 🚨
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ (မေ ၆ ရက်) နေ့လယ်ပိုင်းက မျှော်လင့်မထားလောက်အောင် ပြင်းထန်တဲ့ မိုးသက်လေပြင်း တိုက်ခတ်သွားခဲ့ပါတယ်။
နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ စတင်ခဲ့တဲ့ ဒီလေပြင်းဟာ ၁၅ မိနစ်လောက်သာ ကြာမြင့်ခဲ့ပေမယ့် မြို့ပေါ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

လေတိုက်နှုန်း အရမ်းပြင်းထန်တဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးတွေပါ ကျဆင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီသဘာဝဘေးအန္တရာယ်ကြောင့် လမ်းဘေးဝဲယာက သက်တမ်းရင့် သစ်ပင်ကြီးတွေ ပြိုလဲတာ၊ လျှပ်စစ်မီးတိုင်တွေနဲ့ ဓာတ်အားကြိုးတွေ ပြတ်ကျတာ၊ ကြီးမားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ လဲကျပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အထူးသဖြင့် တရားရုံးလမ်းကနေ ခရေပင်လမ်းတစ်လျှောက်၊ လားရှိုးမိုတယ်အနီးတစ်ဝိုက်မှာ သစ်ပင်ကြီးတွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲခဲ့ပါတယ်။
ဒါ့အပြင် မြို့လယ်အဝိုင်းပတ်၊ မြို့တော်ခန်းမနဲ့ လွှတ်တော်ကိုယ်စားလှယ်များရုံးရှေ့ လမ်းမကြီးတွေပေါ်မှာလည်း ဆိုင်းဘုတ်တွေ၊ မီးတိုင်တွေနဲ့ သစ်ပင်တွေ လဲကျပိတ်ဆို့နေတဲ့အတွက် သွားလာရေး အခက်အခဲတွေပါ ဖြစ်ပေါ်ခဲ့ရပါတယ်။
လားရှိုးမြို့က မိဘပြည်သူတွေရော အခုအချိန် ဘေးကင်းကြရဲ့လားခင်ဗျာ။ ရာသီဥတု အပြောင်းအလဲကို အထူးသတိပြုကြဖို့ သတင်းပါးလိုက်ပါရစေ။ 🙏
လားရှိုးမြို့မိုးသက်လေပြင်းကျပြီးပျက်စီးမှုအချို့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မေလ ၆ရက် ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။
လေတိုက်နှုန်း အလွန်းပြင်းထန်ပြီး သစ်ပင်ကြီးတွေပါ လဲကျတာလို့ ဒေသခံတွေက ပြောပါတယ်။
မိုးကြီးပြီးလေပြင်းတိုက်ခိုက်တာဟာ နာရီပိုင်းသာ ကြာခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပေမယ့် နေအိမ်အဆောက်အအုံနဲ့သစ်ပင်တွေ ထိခိုက်ပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့မှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေ၊ လျှပ်စစ်ဓာတ်တိုင်တွေနဲ့ ကြော်ငြာဘေဘုတ်တွေ ပြိုလဲတာ၊ အိမ်အမိုးသွပ်တွေနဲ့ ဆိုလာတွေ ပြုတ်ထွက်ကုန်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“၁၅ မိနစ်လောက်ပဲ တိုက်သွားတာ။ လေကအရမ်းပြင်းတယ်။ မိုးသီးတွေပါ ပါတယ်”လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
လေကောမိုးပါရပ်သွားပေမဲ့ ပျက်စီးမှုတွေ ရှင်းလင်းနေရဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဧပြီ ၂၉ ရက် ညနေကလည်း သီပေါမြို့နယ်အတွင်း နေရာကွက်မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့လို့ ရှေးဟောင်းစေတီတော် တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။

ဒေသများစုမှာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစတင်ပြီး မိုးသက်လေပြင်းတိုက်ခတ်လို့ လူထိခိုက်မှုနဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။
ဧပြီ၂၈ရက်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့မြောက်ဦးမြို့မှာ နေရာကွက်မိုးကြီးပြီး လေပြင်းတိုက်ခတ်နေချိန် မိုးကြိုးပစ်လို့ ဒေသခံတစ်ဦး သေဆုံးပြီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ကချင်ပြည်နယ်က ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်၊ ရှမ်းပြည်နယ်က ကျောက်မဲ၊သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့တွေမှာ ဧပြီ ၂၅ရက်ကမိုးသက်လေပြင်းတိုက်ခတ်လို့ စစ်ဘေးရှောင်စခန်းတွေအပါအဝင် နေအိမ်ထောင်ချီပျက်စီးခဲ့ပါတယ်။

လက်ရှိကာလမှာ လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့နေရာကွက်၍မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားပါတယ်။
ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ MOHADM ကသတိပေးထားပါတယ်။

(လားရှိူးမြို့တွင် လေပြင်းတိုက်ခတ်ပြီးနောက် မြို့တွင်းမှာ သစ်ပင်နဲ့ ဆိုင်းဘုတ်များ လဲပြိုနေတာကို တွေ့ရစဥ်။ ဓာတ်ပုံ-Nay Myo၊ Hla Myo Maung Maung F/B)


Leave a Reply