ဖလမ်းသို့ ဝန်ထမ်းပို့သည့် စစ်အုပ်စုတပ်ကို ချုံခိုတိုက်ခိုက်

ဗိုလ်ကြီးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ Non-CDM ဝန်ထမ်းများကို ပို့ဆောင်သည့် စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးဇင်မျိုးမြတ် အပါအဝင် ငါးဦးသေဆုံးကြောင်း CDF-CDM Siyin တပ်ဖွဲ့ထံက သိရသည်။

ယမန်နေ့ (မေလ ၆ ရက်) နံနက်ပိုင်းက ကလေးမြို့နှင့် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအကြားရှိ ဟိန်းဇင်ရွာနှင့် ထေးဇန်ရွာအကြား ကော်ဖီခြံအကွေ့တွင် ဆိုင်ကယ်များ၊ ကားများဖြင့် တက်လာသည့် စစ်အုပ်စုတပ်ကို ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ ဖရဲသီး(အတွင်းသတင်းပေး) ဆီက အတိအကျသတင်းရတဲ့အတွက် စောင့်ပြီး ချုံခို တိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးယူတက်လာတဲ့ ရှေ့ဆုံးယာဉ်တွေနဲ့ အလယ်က ဝန်ထမ်းတွေကို ကျော်လွန်ပြီး နောက်ဆုံးက လိုက်ပါလာတဲ့ယာဉ်ကို အချိန်ကိုက် တိုက်ခိုက်ခဲ့တာပါ” ဟု CDF-CDM Siyin စစ်ဦးစီးချုပ် ကိုထောင်းပူ က ပြောသည်။

“သေတာသေချာတယ်။ ရဲဘော်တွေမျက်မြင်တွေ့တာ သူ (ဗိုလ်ကြီးဇင်မျိုးမြတ်) က အလယ်ကထိုင်ပြီး သေနေတယ်၊ သူ့လွယ်အိတ်ထဲက သုံးပွင့်ဖြစ်တဲ့ အပွင့်တွေ ရော သူ့ရဲ့ဖုန်းရောရတယ်၊ ပစ္စတိုတလက်လည်းရတယ် သူမှာတခြားသေနတ်မပါဘူး” ဟု CDF-CDM Siyin စစ်ဦးစီးချုပ် ကိုထောင်းပူ က ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးတဦး ၊ ဗိုလ်တဦးနှင့် ရဲဘော်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်ရဲဘော်တဦးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် အသက်ရှင်နိုင်ခြေမရှိကြောင်း ဆိုသည်။

ထိုတိုက်ပွဲအတွင်း စစ်အုပ်စုထံမှ ပစ္စတိုတလက် အပါအဝင် သေနတ်လေးလက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

စစ်အုပ်စုတပ်သည် ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်စတင်ရန် ဝန်ထမ်း ၁၀၀ ကျော်ကို ကလေးမြို့မှ ဖလမ်းမြို့သို့ ပြန်လည်ပို့ဆောင်နေခြင်းဖြစ်သည်။ လက်ရှိတွင် ဖလမ်း-ဟားခါးလမ်းပိုင်း၌ တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့မှုများကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် မေလ ၅ ရက်နေ့ကလည်း တီးတိန်မြို့နယ်အတွင်းရှိ ပေ ၈,၈၀၀ ကျော်အမြင့်ရှိ ချင်းတော်လှန်ရေး တပ်ဖွဲ့များထိန်းချုပ်ထားသည့် ကနေဒီတောင်စခန်းကို စစ်အုပ်စုတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကာ ပြန်လည်သိမ်းယူခဲ့သဖြင့် ဒေသတွင်း စစ်ရေးတင်းမာလျက်ရှိသည်။

တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အသွားအလာ ဆင်ခြင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *