တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ထဲသို့ AA က ထိုးဖောက်ဝင်ရောက်တိုက်ခိုက်

တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ထဲသို့ AA က ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည် တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မထဲကို အာရက္ခတပ်တော် AA က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

တစ်ဆက်တည်းမှာပဲ တောင်ကုတ်မြို့နှင့် ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ကအထိ တပ်မထဲကို ဝင်ရောက်တိုက်ခိုက်နေပြီလို့ သိရတယ်။ ခမရ ၅၄၄၊ ၃၄၆ တို့ကို AA က သိမ်းပိုက်လိုက်ပြီလို့ သိရတယ်။ အခု တပ်မထဲမှာ အားလုံး စုပုံ ခုခံတိုက်ခိုက်နေကြတယ်။ ခမရ ဘက်တွေမှာ တိုက်ပွဲက မရှိတော့ဘူး။ တပ်မထဲမှာပဲ ဖြစ်နေကြတာ။ တပ်မနဲ့ သရက်တောင်ကုန်းမှာလည်း ဖြစ်နေကြပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူက တောက်လျှောက်ပစ်ပေးနေတယ်။” ဟု ပြောသည်။

ခမရ ၃၄၆ တပ်ရင်းနှင့် ခမရ ၅၄၄ တပ်ရင်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဆိုသော သတင်းကို AA က အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်သည်။

သို့သော်လည်း တချို့သော စစ်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ခမရ တပ်ရင်းများ သိမ်းပိုက်ရရှိချိန်တွင် ရာထူးမြင့်သော စစ်ကောင်စီ အရာရှိများကို ဖမ်းဆီးရမိထားကြောင်း၊တောင်ကုတ်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားကြောင်း ပြောဆိုထားကြသည်။

“လက်နက်ချ အညံ့ခံတဲ့သူတွေလည်း ရှိသလို တိုက်ပွဲအတွင်းမှာ ရာထူးမြင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းရထားတာရှိပါတယ်။ ဘယ်သူဘယ်ဝါ၊ အရေအတွက် ဘယ်လောက်ဆိုတာမျိုးတော့ ပြောလို့ရမဘူး။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေဆဲပါပဲ” ဟု သတင်းရင်းမြစ်က ပြောသည်။

အာရက္ခတပ်တော် AA က ယခု ၂၀၂၄ နှစ်မကုန်မီ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြကြောင်း၊ AA က မောင်တောမြို့က နခခ ၅ တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့ ထိုးစစ်ဆင်နေကာ အမ်းမြို့ကိုလည်း ထိန်းချုပ်သိမ်းပိုက်ထားကြောင်း AA က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- မောင်တော နခခ ၅ ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် AA တပ်ဖွဲ့ဝင်တချို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *