လွိုင်ကော်မှာ သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ လူငယ် ၆ ဦး ရေဆင်းကူးရာက မောင်နှမဝမ်းကွဲ တော်စပ်သူ ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာက သဲချောင်းမှာ
လူငယ် ၆ ဦး ရေဆင်းကူးရာက ယောက်ျား ၂ ဦးနဲ့ မိန်းကလေး ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ချောင်းဆိုပေမယ့် ရေသေဖြစ်နေတဲ့ ကန်လိုမျိုးပါ၊ ကလေးမလေးက ရေမကူးတတ်ဘူး၊ ရေနစ်လို့ ကျန်တဲ့ ကလေး ၂ ယောက်က လိုက်ဆယ်တာကနေ ၃ ယောက်လုံး ရေနစ်ဆုံးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ရေနစ်သေဆုံးသူတွေဟာ အသက်(၁၈)နှစ်အရွယ် မတင်တင်စန်းဦး၊ အသက်(၁၉)နှစ်အရွယ် မောင်စိုးသီဟနဲ့ အသက်(၂၀)နှစ်အရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်တယ်လို့ သိရပြီး
နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ မောင်နှမ ၃ ယောက်လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“အကိုတွေကို အရင်တွေ့တာ ပြီးမှ ကောင်မလေးကို တွေ့တာပါ၊ သူတို့က အရင်က မော်ချီမှာ နေတာ၊
ခုမှ လွိုင်ကော်၊ နမ့်ဘော်ဝမ်ရပ်ကွက်ကို ပြောင်းလာနေကြတာ၊
ကလေးတွေက မောင်နှမဝမ်းကွဲတွေပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို နယ်မြေခံ မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းရှာဖွေခဲ့ပြီး
ရွှေညောင်ပင် နာရေးကူညီမှုအသင်းက လူနာတင်ယာဉ်တွေနဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။


Leave a Reply