မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်တွင် လူမှုကူညီရေးအသင်းမှ လူငယ် ၁၉ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား ၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ တောင်ခွင်မင်းကြီးတိုက် ၊ ရှမ်းပွဲဇေတဝန်ကျောင်းအနီး ဖွင့်လှစ်ထားသော ဖေးကူလက်များ လူမှုကူညီရေးအသင်း၌ ရှိနေသည့် လူငယ် ၁၉ ဦးကို စစ်သား ၁၀ယောက်က မေလ ၈ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ဝင်ရောက် ပေါ်တာဆွဲသွားကြောင်း Voice Of Mandalayက သတင်းထုတ်ပြန်သည်။

” ၁၀ ယောက် ကား ၂ စီးနဲ့ လာဖမ်းတာပါ”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက မေ ၁၁ ရက်တွင် ပြောသည်။

ယင်းလူငယ်များကို မည်သည့်နေရာသို့ ပို့ဆောင်လိုက်သလဲ မသိရသေးကြောင်း သိရသည်။

မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက “လူငယ်တွေကို ကောက်သင်းကောက်လိုက်ဖမ်းရတာ ထက်စာရင် အခုလို လူငယ်တွေစုနေချိန်မှာ ဖမ်းတာကျ စစ်တပ်အတွက် ပိုအဆင်ပြေတယ်။ သတင်း ပေးတဲ့သူရှိလို့ လာဖမ်းတာလို့ ကြားရတယ်”ဟု ပြောသည်။

မေလ ၁၀ ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင်လည်း မဟာအောင်မြေမြို့နယ်အတွင်း Mark 2 ကားတစ် စီးဖြင့် လာသည့် စစ်သားများက ဝပ်ရှော့ဆိုင်ထဲရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

မန္တလေးမြို့အတွင်း၌ သူခိုး ၊ ဆေးသမားနှင့် လူမိုက်များကို စစ်တပ်က ငွေနဲ့ဆွဲဆောင်ကာ ပျူစော ထီးအဖြစ် သွတ်သွင်းနေကြောင်း ၊ တစ်ပတ်အတွင်း စစ်မှုထမ်း အင်အား ၄၀၀ မှ ၆၀၀ အတွင်းရရှိ စေရန် မြို့တွင်းရှိ လူငယ်များကို ပေါ်တာဆွဲခိုင်းနေပြီး လူငယ်တစ်ဦး ဖမ်းမိလျှင် ပျမ်းမျှ ငွေ ၂ သိန်းပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းပျူစောထီးများသည် စစ်တပ်အကြိုက်လိုက်ကာ နေအိမ်များထဲထိ ဝင်ရောက်ပေါ်တာဆွဲခြင်း နှင့် လမ်းသွားလမ်းလာပြည်သူများကို ထိုးကြိတ်ဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ဂရုစိုက်နေထိုင်ကြရန် Voice Of Mandalay က အသိပေးထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *