၁၄ နှစ်အရွယ်ကောင်မလေးတယောက်အဖြစ်ဟန်ဆောင်ပြီး အလယ်တန်းကျောင်းသားတွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ၂၄ နှစ်အရွယ်အမျိုးသမီး
လူမှုကွန်ရက် (Social Media) ဆိုတာ ကမ္ဘာကြီးကို ဆက်သွယ်ပေးတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတလေမှာ အဲ့ဒီ”ဆက်သွယ်မှု” ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ လှည့်စားမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ (Florida) ပြည်နယ်၊တမ်ပါ (Tampa) မြို့က သတင်းတစ်ပုဒ်ဟာ ပြည်သူတွေကို အကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပါတယ်။
သာမန် အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဟာ၊ အွန်လိုင်းမှာ ၁၄ နှစ်အရွယ်ကျောင်းသူလေးအဖြစ် ဟန်ဆောင်ပြီးအပြစ်မဲ့တဲ့အလယ်တန်းကျောင်းသားလေးတွေကို လှည့်စားခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ပါပဲ။
သူမနာမည်က Alyssa Ann Zinger (အယ်လီဆာအန်း ဇင်ဂါ) ပါ။ အဖမ်းခံရချိန်မှာ သူမဟာ အသက် (၂၂) နှစ် (လက်ရှိ ၂၄ နှစ်) ရှိပြီဖြစ်တဲ့ သာမန်အမျိုးသမီး တစ်ယောက်ပါ။ ဒါပေမဲ့ TikTok နဲ့ Snapchat လို လူမှုကွန်ရက်တွေပေါ်မှာတော့ သူမဟာ “အသက် ၁၄ နှစ်အရွယ် အိမ်တွင်းပညာသင်ကျောင်းသူလေး” အဖြစ် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး၊အလယ်တန်းကျောင်းသားလေးတွေနဲ့ ရင်းနှီးအောင်ကြိုးစားခဲ့ပါတယ်။
သူမရဲ့ အဓိက ပစ်မှတ်တွေကတော့ တမ်ပါမြို့က Woodrow Wilson Middle School က အသက် (၁၂) နှစ်ကနေ (၁၅) နှစ်အရွယ် ယောကျ်ားလေးတွေဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်နဲ့တရားရုံးမှတ်တမ်းတွေအရ စွပ်စွဲချက်တွေက အလွန် ကြီးလေးပါတယ်။
Zinger ဟာ Snapchat ကနေတဆင့် ကျောင်းသားလေးတွေနဲ့ စတင်ရင်းနှီးခဲ့ပြီး၊ သူမဟာဆယ်ကျော်သက်အရွယ်လေးလို့ပဲ ယုံကြည်အောင် လှည့်စားခဲ့ပါတယ်။
အဲ့ဒီနောက် ကလေးတွေရဲ့ အိမ်ကို သွားရောက်ပြီး လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ကျောင်းသားတစ်ယောက်နဲ့ဆိုရင် အကြိမ် ၃၀ ထက်မနည်း အတူရှိခဲ့တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ပိုဆိုးတာက သူမဟာ အဲ့ဒီကျောင်းသားတွေနဲ့ ဗီဒီယိုတွေ ရိုက်ကူးခဲ့ပြီး၊ ကျောင်းသားတစ်ယောက်က သူမကို လမ်းခွဲလိုက်တဲ့အခါ လက်စားချေတဲ့အနေနဲ့ အဲ့ဒီဗီဒီယိုတွေကိုတခြားကျောင်းသားတွေဆီ Snapchat ကနေတဆင့် ပြန်လည်ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဇူလိုင်၊ ၂၀၂၃ Zinger ဟာ သူမ “တွဲနေတယ်” လို့ဆိုတဲ့ အလယ်တန်းကျောင်းသားလေး တစ်ယောက်နဲ့ ဈေးဝယ်စင်တာမှာ ခိုးမှုနဲ့ မိခဲ့ပါတယ်။အဲ့ဒီအချိန်က ရဲတွေမေးတော့ သူမက “အသက် ၁၄ နှစ်ပါ” လို့ လိမ်လည်ပြောဆိုခဲ့ပေမဲ့၊ ရဲတွေက စစ်ဆေးလိုက်တဲ့အခါ တကယ့်အသက် (၂၂) နှစ်ဖြစ်နေကြောင်း သိရှိသွားခဲ့ပါတယ်။
နိုဝင်ဘာလမှာကျောင်းက တာဝန်ရှိသူတစ်ဦးရဲ့ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး Zinger ကို ပထမဆုံးအကြိမ် တရားဝင်ဖမ်းဆီးခဲ့ပါတယ်။ သူမကို ဒေါ်လာ ၅၂,၅၀၀ အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။
ပထမအကြိမ် အဖမ်းခံရပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်တဲ့အခါနောက်ထပ် အလားတူလှည့်စားခံခဲ့ရတဲ့ကျောင်းသား (၄) ဦးကို ထပ်မံ တွေ့ရှိခဲ့ရတဲ့အတွက်၊ ရဲတွေက Zinger ကို ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးလိုက်ပါတော့တယ်။
ဒီသတင်း ထွက်လာတဲ့အခါအမေရိကန် သတင်းဌာနတွေနဲ့ Social Media ပေါ်မှာ အကြီးအကျယ် Viral ဖြစ်သွားခဲ့ပါတယ်။ လူထုက ဒီလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချခဲ့ကြပြီး၊ “ဒီလိုလူမျိုးကို ဘာလို့ အာမခံပေးရတာလဲ”ဆိုပြီး တရားစီရင်ရေးကို ဝေဖန်ခဲ့ကြပါတယ်။
ဖခင်ဖြစ်သူကတော့ “သမီးဖြစ်သူမှာ ဉာဏ်ရည်ပိုင်းဆိုင်ရာ အားနည်းချက်နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိနေပါတယ်” လို့ ကာကွယ်ပြောဆိုခဲ့ပေမဲ့၊ ပြည်သူတွေကတော့ အပြစ်မဲ့ကလေးငယ်တွေကို စနစ်တကျ လှည့်စားခဲ့တဲ့ လုပ်ရပ်ကို လုံးဝ လက်မခံခဲ့ကြပါဘူး။
တရားသူကြီးကလည်း “သူမဟာ အသက် ၂၂ နှစ်အရွယ် လူကြီးတစ်ယောက်ဖြစ်ပြီး၊ ကလေးတွေကိုအမြတ်ထုတ်ခဲ့တာပါ” လို့ မှတ်ချက်ချကာ၊ ဒုတိယအကြိမ် ဖမ်းဆီးမှုမှာတော့အာမခံပေးဖို့ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
လက်ရှိမှာ Alyssa Zinger ဟာ စုစုပေါင်း (၁၁) မှု သော ကြီးလေးတဲ့ ပြစ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲ့ဒီအထဲမှာခုခံနိုင်စွမ်းမရှိသူအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများ လက်ဝယ်ထားရှိမှု၊ အွန်လိုင်းမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုစတဲ့စွဲချက်တွေ ပါဝင်ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားရင် သူမဟာ အများဆုံး ထောင်ဒဏ် (၁၄၆) နှစ်အထိ ကျခံရနိုင်ခြေ ရှိပါတယ်။
(မှတ်ချက် – လက်ရှိအချိန်အထိ တရားခွင် စစ်ဆေးဆဲဖြစ်ပြီး၊ တရားရုံးက အပြီးသတ်စီရင်ချက် မချမှတ်ရသေးမီ ကာလအတွင်း ဥပဒေအရ စွပ်စွဲခံရသူမှာအပြစ်ကင်းစင်သည်ဟု မှတ်ယူရမည် ဖြစ်သည်။)
ဒီအဖြစ်အပျက်ဟာ မိဘတိုင်းအတွက် အလွန်ကြီးမားတဲ့ သတိပေးခေါင်းလောင်းသံ တစ်ခုပါပဲ။
ကလေးတွေ အသုံးပြုနေတဲ့ ဖုန်းစခရင်နောက်ကွယ်က “အသက်တူတူ သူငယ်ချင်း” ဆိုတာ၊တကယ်တမ်းကျတော့ သူတို့ကို အမဲလိုက်ဖို့ စောင့်နေတဲ့ အသက်ပြည့်ပြီးသားလူကြီးတစ်ယောက် ဖြစ်နေနိုင်ပါတယ်။
“Social media ခေတ်မှာ… လူတွေ Online ပေါ်မှာ ပြသနေတဲ့ ပုံရိပ်တစ်ခုနဲ့၊ တကယ့်ဘဝ အမှန်တရားကြားမှာ အလွန်ကြောက်စရာကောင်းတဲ့ ကွာခြားချက်တွေရှိနေနိုင်ပါတယ်…”


Leave a Reply