စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အထိနာပြီး နောက် လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ စုံစမ်းသိရပါတယ်။
စစ်တပ် တပ်စွဲထားတဲ့ ပေပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့က မေလ ၁၃ရက်ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

” စကစတွေက အင်းတော်ကနေ မဲဇာဘက်ကို ထိုးဖို့ ကြိုးစားနေတာ။မနေ့ညကလည်း တိုက်ပွဲပြင်းထန်ပြီး ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။ ဒီနေ့ မေလ ၁၄ရက် မနက်ပိုင်းမှာလည်း စစ်ကြောင်း ပြန်ထွက်လာလို့ တိုက်ပွဲဆက်ဖြစ်နေသလို ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့တာကနေ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့တာပါ။
အင်းတော်မြို့အနီး တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် စစ်တပ်က Non CDM ဝန်ထမ်းတွေကို ပို့ဆောင်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး ကြိုးပမ်းနေပါတယ်။

မြို့အနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နိုင်လို့ ဒေသခံပြည်သူတွေလုံခြုံရေးသတိရှိကြဖို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Photo: မြို့သိမ်းတိုက်ပွဲတွေအတွင်း ပျက်စီးနေတဲ့ အင်းတော်ဟိုတယ်နှင့် KIA, PDF တပ်ဖွဲ့ဝင်များ


Leave a Reply