စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ တပတ်လောက်ကစပြီး ကရင်နီပြည်နယ် မိုးဗြဲမြို့နယ်အတွင်းက နေရာအများအပြားမှာ အရှိန်မြှင့်စစ်ကြောင်းထိုးလာပြီး စစ်ရှောင်စခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မေ ၁၃ ရက် ညမှာလည်း မိုးဗြဲမြို့အနီးက တော်လှန်ရေးအင်အားစုတွေရဲ့ ကင်းစခန်းအနီးအထိ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“မနေ့ညက ကျနော်တို့တော်လှန်ရေးအဖွဲ့ ယူထားတဲ့ ကင်းရှေ့နားထိ ထိုးတက်လာပြီး ထိတွေ့မှုဖြစ် ပွားခဲ့တယ်။ မနက် ၁၀ နာရီကနေ ညနေစောင်းထိ တိုက်ပွဲဖြစ်ခဲ့တာပါ။ စကစဘက်ကလည်း အထိနာမှုရှိသလို ကျနော်တို့ဘက်ကလည်း အထိနာမှုအချို့ ရှိခဲ့ပါတယ်။ လက်နက်ကြီးတွေလည်း အဆမတန် ရမ်းသန်းပစ်ခတ်ခဲ့တယ်။ သူတို့လိုချင်တဲ့ Target မရောက်မချင်း ဆက်ထိုးမယ့် အနေအထား ရှိမယ်လို့ သုံးသပ်ပါတယ်။”
စစ်တပ်ဘက်က လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်းလမ်းကို ပြန်ဖွင့်မယ်လို့ ကြေညာပြီးတဲ့နောက် ၃ လနီးပါးအထိ ပြန်မဖွင့်နိုင်သေးဘဲ ပြည်ထောင်စုလမ်းကြီးတလျှောက်မှာ စစ်ရေးတင်းမာနေတာပါ။
လက်ရှိ လမ်းမကြီးတကြောမှာ စစ်တပ်က စစ်ကြောင်းထိုးလိုက်၊ ပြန်ဆုတ်လိုက် လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
“တိုက်ပွဲကတော့ နေရာတော်တော်များများမှာ ဖြစ်နေတယ်။ အခုဒီဘက် ဖယ်ခုံ တောင်စလုံး မြောက်စလုံးဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိတာပေါ့။ လွိုင်ကော်အနီးနားမှာလည်း မကြာခဏ ထိတွေ့မှုဖြစ်သလို စစ်ကောင်စီနဲ့လည်း ထိတွေ့မှုရှိသလို PNO နဲ့လည်း တော်တော်လေး နီးနိးစပ်စပ် ရှိနေတယ်။ အဲဒီတော့ တပြည်နယ်လုံးအတိုင်းအတာကတော့ လမ်းမကြီးတလျှောက်ကတော့ တိုက်ပွဲတွေ မကြာခဏဖြစ်တယ်။ တချို့နေရာက စစ်ရှောင်တွေအထိ ရောက်တယ်။”
မေ ၈ ရက်ကလည်း ဖရူဆိုဘက်က စစ်ရှောင်စခန်းတခုကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် စစ်ရှောင်တဲအလုံး ၃၀ ကျော် ပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဖရူဆိုဘက်က စစ်ရှောင်ပြည်သူ အယောက် ၁,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထပ်မံပြေးလွှားနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်နီပြည်အရေးပေါ်ကူညီရေးကွန်ရက် (CTER-Karenni) က မေ ၁၁ ရက်မှာ ထုတ်ပြန်အကူအညီတောင်းခံထားပါတယ်။
လက်ရှိရာသီဥတုနဲ့ တိုက်ပွဲတွေကြောင့် ဖရူဆိုဘက်က စစ်ရှောင်တွေဆီကို ကူညီကယ်ဆယ်ရေးသမားတွေ သွားဖို့ အကန့်အသတ်ရှိနေတာကြောင့် လတ်တလော မိုးကာ စားနပ်ရိက္ခာ နဲ့ ဆေးဝါးကူညီမှုတွေ လိုအပ်နေပါတယ်။
Photo: MB-PDF


Leave a Reply