စစ်တပ်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားနေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခများနေ
ရန်ကုန်မှာ ရက် ၁၀၀ စီမံချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားဖို့ စည်ပင်က လုပ်ဆောင်နေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခရောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“မြောင်းဖုံးတွေပေါ်ရောက်နေတဲ့ ဆိုင်တွေအကုန်နောက်ဆုတ်ရတယ်။ လမ်းဘေးမှာဖွင့်တဲ့ဆိုင်တွေတော့ အကုန်ဖယ်နေရတာပဲ” လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
တရားမဝင်ရွေးကောက်ပွဲကနေတက်လာတဲ့ စစ်တပ်အစိုးရအဖွဲ့က ရက် ၁၀၀ စီမံချက်အနေနဲ့ အမိန့်ပေးလုပ်ဆောင်နေတာဖြစ်ပြီး စစ်ခေါင်း ဆောင်ရန်ကုန်လာရောက်ချိန်ကလည်း လမ်းဘေးဈေးသည်တွေ ရှင်းလင်းဖို့ အမိန့်ပေးတာတွေရှိတယ်လို့သိရပါတယ်။
ဒီလုပ်ဆောင်ချက်က ဆိုင်ခန်းကိုယ်ပိုင်မရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အဓိက ထိုးနှက်ချက်ဖြစ်နိုင်ပြီး စည်းစနစ်မကျတဲ့ လုပ်ဆောင်မှုလို့ ကမာရွတ်မြိုနယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
“ကုန်စိမ်းသည်တွေတော်တော်သနားဖို့ကောင်းတယ်။ ဈေးခင်းထားပြီး စည်ပင်လာပြီဆို ပြာပြာသလဲသိမ်းကြရတာ” လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
တချို့ဆိုင်တွေက လမ်းမတန်းပေါ်ရောက်နေတဲ့ အမိုးတွေကို စည်ပင်လာချိန် လိတ်သိမ်းထားပေမယ့် အဲဒီအမိုးတွေကိုလည်း စည်ပင်က ဖြုတ်ခိုင်းတာကြောင့် အကုန်ဖြုတ်လိုက်ရတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
အရင်ရက်တွေက လမ်းမတန်းတွေက ဆိုင်တွေကိုပဲ ပိတ်သိမ်းတာတွေ လုပ်ခဲ့ပေမယ့် အခုရက်မှာတော့ လမ်းသွယ်တွေထဲအထိဝင်ပြီး ဆိုင်တွေကို ဖျက်ခိုင်းနေတာလို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ လမ်းဘေးဈေးဆိုင်တွေကို ဖယ်ရှားတာက အခြေခံလူတန်းစားတွေ အပေါ်ကိုပဲ အဓိကသက်ရောက်နေတာ လို့ ရန်ကုန်မြို့ခံအချို့က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒုက္ခရောက်ရသူအများစုက အခြေခံလူတန်းစားတွေဖြစ်ပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသလို နေထိုင်စရိတ်တွေလည်း မြင့်တတ်နေတာကြောင့် အခက်အခဲတွေကြုံနေရတာပါ။
(ရန်ကုန်မြို့ လှည်းတန်းမှာ ၂၀၂၅ နှစ်ကုန်ပိုင်းက တွေ့ရတဲ့ လမ်းဘေးစျေးသည်များ)


Leave a Reply