စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်

ကောလင်းမြို့ရှိ စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်မိ၍ ၇ ဦးသေဆုံး

ကျန်ရှိသူများကို ဝန်းသိုဆေးရုံတွင် အရေးပေါ်ကုသနေရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သား ၃၀ ကျော်သည် ဆေးရုံသုံး အရက်ပြန်ထဲသို့ ဆားထည့်၍ အရက်အဖြစ် ပြုလုပ်သောက်သုံးရာမှ ပိုးသတ်ဆေးများနှင့်ပါ မှားယွင်းသောက်မိသဖြင့် ၇ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ မေလ ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ကောလင်းမြို့ပေါ်၌ တပ်စွဲထားသည့် အဆိုပါ စစ်ကော်မရှင်တပ်သားများသည် ဆေးရုံသုံး အရက်ပြန်ကို ဆားနှင့်စပ်၍ သောက်သုံးခဲ့ကြရာမှ အနီးအနားတွင်ရှိသော ပိုးသတ်ဆေးပြင်းများကိုပါ အရက်ပြန်အမှတ်ဖြင့် မှားယွင်းသောက်မိခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ မှားယွင်းသောက်မိခဲ့ကြသောကြောင့် စစ်ကော်မရှင်တပ်သား ၇ ဦးမှာ နေရာတွင်တင် ပြင်းထန်စွာ အဆိပ်သင့်၍ သေဆုံးသွားခဲ့ရပြီး ကျန်ရှိသည့် တပ်သားအများအပြားလည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

“သူတို့က အရက်ပြန်ကို ဆားထည့်သောက်ရင်း ဘေးက ပိုးသတ်ဆေးနဲ့ မှားသောက်မိကြတာ၊ ခုနှစ်ယောက်ကတော့ သေဆုံးသွားပြီဖြစ်တယ်။ ကောလင်းမှာက‌ဆေးရုံမရှိတော့ ဝန်းသိုမြို့မဆေးရုံကို ပို့ပြီး ကုသပေးနေတယ်လို့သိရတယ်။ အခြေအနေမကောင်းသေးတဲ့သူတွေများတယ်လို့သိရတယ်” ဟု ဖြစ်စဉ်ကို သိရှိသည့် မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

လက်ရှိတွင် အဆိပ်သင့်၍ ဒဏ်ရာပြင်းထန်နေသော ကျန်ရှိသည့် စစ်ကော်မရှင်တပ်သားများကို ဝန်းသိုမြို့မဆေးရုံကြီး၌ အရေးပေါ် ဆေးရုံတင် ကုသပေးလျက်ရှိပြီး ဆေးကုသမှု ခံယူနေရသူများထဲတွင် အခြေအနေ အလွန်စိုးရိမ်ရသူများ ပါဝင်နေသဖြင့် ထပ်တိုးသေဆုံးနိုင်ခြေ မြင့်မားနေကြောင်း သိရသည်။

အဆိုပါ အဆိပ်သင့်သေဆုံးမှု ဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သော မေလ ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ကောလင်းမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်များသည် မြို့အနီးအနားရှိ ကျေးရွာများဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်တပ်သားများသည် မြေပြင်တွင် ရိက္ခာနှင့် အထောက်အပံ့ ပြတ်လပ်နေခြင်း၊ စိတ်ဓာတ်ကျဆင်းနေခြင်းတို့ကြောင့် အခုလို အရက်ပြန်များကို ရရာနည်းဖြင့် စပ်သောက်ရင်း အသက်ဆုံးရှုံးရသည့်အထိ ဖြစ်လာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

တစ်ဖက်တွင်လည်း ကောလင်းမြို့ပေါ်၌ စစ်ကော်မရှင်အင်အား ၂၀၀ ခန့်ဖြင့် အရပ်သားနေအိမ်များနှင့် အစိုးရအဆောက်အအုံများတွင် တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေသည်။

ဓာတ်ပုံ-ပေးပို့

ပုံစာ-အရက်ပြန်နှင့် အဆိပ်မှားသောက်ပြီး သေဆုံးခဲ့သည့် စစ်သားများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *