ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ထူးခြားဆန်းပြားသော မင်္ဂလာအခမ်းအနားတစ်ခု ကျင်းပခဲ့ရာ ပထမဇနီးဖြစ်သူကိုယ်တိုင် ဦးဆောင်၍ ၎င်း၏ ခင်ပွန်းအတွက် နောက်ထပ်ဇနီးတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ကျင်းပပေးခဲ့သဖြင့် လူမှုကွန်ရက်ပေါ်တွင် လူပြောအများဆုံး သတင်းတစ်ခု ဖြစ်ခဲ့သည်။
အဆိုပါ မင်္ဂလာပွဲကို မေလ ၁၅ ရက်နေ့က ချိုင်းယားဖူးမ်ခရိုင်၊ ဘန်နောင်ဖိုင်ကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနှင့် အေးအေးချမ်းချမ်း စီစဉ်ပေးခဲ့သော ဒုတိယအိမ်ထောင်ပြုပွဲအပေါ် ရွာခံများနှင့် လူမှုကွန်ရက်အသုံးပြုသူများက အံ့အားသင့်လျက် ရှိကြသည်။
မင်္ဂလာအခမ်းအနားတွင် လှည့်လည်အလှပြမည့် မော်တော်ယာဉ် ၁၀ စီးကျော်အပြင် ဘစ်ဘိုက်ဆိုင်ကယ်အုပ်စုကြီး ပါဝင်သော ရိုးရာယာဉ်တန်းကြီးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဒေသခံပြည်သူအမြောက်အမြား တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ယူပင် တဒ်ထိုင်း ဟု အမည်ရပြီး ထိုင်းလို “မီးယားဖီ” (လင်ကြီးမယားကြီး) ဟု ချစ်စနိုးခေါ်ကြသော ပထမဇနီးဖြစ်သူက မင်္ဂလာပွဲ၏ လူကြီးမိဘအဖြစ် ခံယူကာ ဘတ်ငွေ ၃ သိန်းနှင့် ရွှေ ၅ ဘတ်သား တင်တောင်းမည့် ရိုးရာစေ့စပ်ခြင်းယာဉ်တန်းကို ကိုယ်တိုင် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စေ့စပ်ကြောင်းလမ်းခြင်း ယာဉ်တန်းသည် ယူပင်၏ ခင်ပွန်းဖြစ်သူ ဝစ်ဆနု ပရန်းချိုင်းယားဖူးမ်၏ ဒုတိယမြောက်ဇနီးဖြစ်လာမည့် “မီးယားနောင်” (မယားငယ်) ဟု အမည်ပြောင်ရှိသည့် အိုရုမာ ဂျန်ဖန်းကို တရားဝင် တောင်းရမ်းပေးခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာအခမ်းအနားကို မင်္ဂလာရှိသော အချိန်ဖြစ်သည့် နံနက် ကိုးနာရီ ကိုးမိနစ်တွင် ထိုင်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မိသားစုဝင်များ၏ ပြောပြချက်အရ ဝစ်ဆနုနှင့် ယူပင်တို့သည် အိမ်ထောင်သက်တမ်း နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီဖြစ်ပြီး သားသမီးတစ်ဦး ထွန်းကားထားကြောင်း၊ ယခုကဲ့သို့ ဒုတိယအိမ်ထောင်ပြုခြင်း အစီအစဉ်ကို မိသားစုအတွင်း အပြန်အလှန် နားလည်မှုအပြည့်ဖြင့် ညှိနှိုင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းသည် အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး မင်္ဂလာပွဲ၏ ပွင့်လင်းမြင်သာမှုနှင့် စိတ်ဝမ်းကွဲမှုမရှိဘဲ အေးချမ်းသည့် အခြေအနေအပေါ် အံ့ဩတုန်လှုပ်ရခြင်းမှသည် ချီးမွမ်းအသိအမှတ်ပြုခြင်းအထိ တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လျက် ရှိသည်။














Leave a Reply