စစ်တပ်ထိုးစစ်ဆင်မှု အတူပူးပေါင်းရင်ဆိုင်ရန်လိုဟု ချင်းတပ် CPU ခေါင်းဆောင်တွေပြော

စစ်တပ်ထိုးစစ်ဆင်မှု အတူပူးပေါင်းရင်ဆိုင်ရန်လိုဟု ချင်းတပ် CPU ခေါင်းဆောင်တွေပြော

ချင်း-မကွေးအစပ်မှာ အာဏာသိမ်းစစ်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့အပေါ် အတူစုပေါင်းရင်ဆိုင်ရန်လိုအပ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ခေါင်းဆောင်တွေက တိုက်တွန်းနှိုးဆော်ပါတယ်။

ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့နယ်ကို အင်အားရာချီပါတဲ့ စစ်တပ် စစ်ကြောင်းတွေဟာ မေလ ၁၄ရက်မှာ ဝင်ရောက်လာတဲ့ အခြေအနေမှာ CPU/CPA ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်တို့က စစ်တပ်ကို အတူပူးပေါင်း တိုက်ခိုက်ဖို့ လိုအပ်မှု အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။

ယောဒေအခြေစိုက်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ဆောမြို့နယ်မှာ လှုပ်ရှားနေကြပေမယ့် အဲဒီအဖွဲ့တွေအနေနဲ့ ဆောကိုလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်း တိုက်ခိုက်ခြင်း မလုပ်တာကို အားမလို အားမရ ဖြစ်ရဟု ဆလိုင်းထန်းချွန်းဖေက ရေးသားထားပါတယ်။

” နေသာသလိုနေလို့ရတုန်းကနေကြပြီး အခက်ခဲဖြစ်လာပြီဆို ကိုယ်လွတ်ရုန်းပြီးထွက်ထွက်သွားကြတဲ့ ယောဒေသအတွင်းလက်နက်ကိုင်တဲ့သူတွေကိုပြောနေခြင်းသာဖြစ်ပါတယ်။အားလုံးစည်းလုံးပြီးရန်သူကိုရင်ဆိုင်ဖို့လိုအပ်ပါတယ်”လို့ ဆလိုင်းထန်းချွန်းဖေက ရေးသားထားပါတယ်။

ဆလိုင်းယောမာန်ကလည်း ချင်းနဲ့ ယောဒေသ ညီညွတ်ရေးလိုအပ်မှုကို လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ယောနယ်က တော်လှန်ရေးကို အားမရကြပေမဲ့ယောသူ၊ ယောသားတွေကတော့ တော်လှန်ရေးမှာ အင်မတန် တာဝန်ကျေတဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆလိုင်းယောမာန်က ချင်းပြည်နယ် မင်းတပ် တော်လှန်ရေးမျာ ယောသူယောသားတွေဟာ ဒေသခံချင်းလူမျိုးတွေထက် ပိုမိုရက်ရက်ရောရော ထည့်ဝင်ခဲ့ကြတဲ့ အခြေအနေကို ပြောပါတယ်။

” ၂၀၂၁ ခုနှစ် မေလထဲမှာပဲ စကစ က လေကြောင်းကနေ လူချပြီး မင်းတပ်မြို့ကို စီးနင်းတိုက်ခိုက်တော့ မြို့ကနေစစ်ဘေးရှောင်ရတဲ့ ချင်းပြည်သူထောင်နဲ့ချီတဲ့တွေကို ယောသူယောသားတွေ လှိုက်လှိုက်လှဲလှဲ ကူညီကြတယ်။ နေရာထိုင်ခင်းပေးတယ်။ စားသောက်စရာတွေ ပေးကမ်းကျွေးမွေးခဲ့ကြတယ်။ ယောနယ်ထဲ စစ်ဘေးရှောင်စခန်းဆောက်ပြီး နှစ်နဲ့ချီ အခြေချနေထိုင်နိုင်အောင် ကူညီခဲ့ကြပါတယ်။ ယောနယ်မှာ တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် အနေနဲ့ တိုက်ပွဲဖော်တိုင်းမှာလည်း စားသောက်ဖွယ်ရာတွေ လိုလေသေးမရှိ ကူညီကြတယ်။ ချင်းတော်လှန်ရေးအဖွဲ့မှ မဟုတ်ပါဘူး.. ယောတော်လှန်ရေးအဖွဲ့တွေ (Yaw PDF, YA, YDF) အကုန်လုံးကိုလည်း အစကနေ ဒီအချိန်အထိ (၅) နှစ်ကျော်ကာလ တောက်လျှောက် ယောပြည်သူတွေက ဆန်၊ ဆီ၊ ဆား၊ အသား၊ ဟင်းသီးဟင်းရွက်.. လုံးဝမပြတ်ရအောင် (ဝယ်စရာမလိုအောင်ကို) ရွာအလိုက် ပံ့ပိုးပြီး တော်လှန်ရေးကို ပါဝင်ကြတာ တွေ့မြင်နိုင်ပါတယ်” လို့ ဆလိုင်းယောမာန်က ရေးသားထားပါတယ်။

ယောတော်လှန်ရေးအဖွဲ့တွေမှာ အားနည်းချက်တွေ အများကြီးရှိပေမဲ့ ယောပြည်သူတွေကတော့ ပြည်သူ့တာဝန်ကောင်းကောင်း ကျေပွန်ကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ်အတွင်း ဆောမြို့ပေါ်က စစ်တပ်တွေကို ၀ိုင်းဝန်းကိုင်တွယ်ခဲ့ပါက များစွာ မခက်ခဲဘဲ ရနိုင်ခြေရှိခဲ့ကြောင်း၊ ကန်ပက်လက်မြို့ လွတ်မြောက်ပြီးနောက်ပိုင်း ချင်းညီနောင်အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ယောဒေသလွတ်မြောက်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာ ရှိခဲ့ပေမယ့် အကြောင်းအချို့ကြောင့် အထမမြောက်ခဲ့ဟု အသိပေးပါတယ်။

” တစ်ဘက်မှာလည်း တောင်ယောဒေသမှာ အထူးသဖြင့် ဆောလိုမြို့ကို သိမ်းဖို့ ပူးပေါင်းလုပ်ကြမယ်ပြောတိုင်း.. စီးပွားရေး အကြောင်းပြ၊ လမ်းကြောင်း အကြောင်းပြရင်း… နေသာသလိုနေခဲ့တာ။ ကိုယ့်နေရာလေး ကွက်ပြီးအေးတော့ နွေကို မပူဘူးထင်ရသလိုပေါ့လေ။ ဒီလိုနဲ့ ရုတ်တရက်လိုမျိုး စခတွေ လောင်းရှည်ကို အင်အားဖြည့်၊ တနေ့က လောင်းရှည်ကိုရောက်တော့ စခတွေ ဆောကိုဦးတည်ပြီး ထွက်လာတာ တစ်ရက်နဲ့ သီးကုန်းရွာ ရောက်တယ်။ သီးကုန်းကနေ မနေ့ကပဲ ဆောမြို့ထဲဝင်သွားတယ်”လို့ ဆလိုင်းယောမာန်က မေလ ၁၄ရက်မှာ စစ်ကောင်စီတပ်တွေ ဆောမြို့ကို ဝင်ရောက်နိုင်မှု အခြေအနေကို ရေးသားထားပါတယ်။

လက်တလောအချိန်မှာ ကိုယ့်အခြေအနေမှန် ကိုယ်သိပြီး ပူးပေါင်းကြဖို့ ညီညွတ်ကြဖို့လိုကြောင်းလည်း ဆလိုင်းယောမာန်က ရေးသားထားပါတယ်။

“စကမ ဟာ ယောတွေကို အသုံးချပြီး ချင်းတွေကို ဒုက္ခပေးမယ်။ နောက်တော့ ချင်းတွေကို အသုံးချပြီး ယောတွေကို ဒုက္ခပေးမှာပဲ။ ချင်းနဲ့ယော မတည့်ကြရင်… အဲဒါကို စကမ က အမြတ်ထုတ်မှာပဲ။ သူ့အကြိုက်ဖြစ်မှာပဲ။ ယောသူ၊ ယောသားတွေလည်း သူတို့ တတ်အားသမျှ ပါဝင်တဲ့အတိုင်း တော်လှန်ရေးရလဒ် မြင်ချင်ကြမှာပါ။ လူမျိုးတစ်မျိုးစီက ကိုယ့်အားသားချက်နဲ့ကိုယ်ပါ။ ဖြစ်ပြီးသားတွေ… ဖြစ်ခဲ့တာတွေ ကျနော်တို့ ထားလိုက်ပြီး အိမ်းနီးချင်းတွေ အချင်းချင်း ပူးပေါင်းကြမယ်၊ ကူညီရိုင်းပင်းကြမယ်ဆိုရင် စစ်ကော်မရှင်ကို ခုခံတွန်းလှန်တာမှာ အများကြီး ပိုထိရောက်မှာ ဖြစ်ပါတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်း ဆောမြို့ကို ဝင်နိုင်တာဟာ စစ်တပ်က အင်အားအများအပြား၊ အဆင့်မြင့်ဒရုန်းများနဲ့ လေကြောင်း ပစ်ကူသုံး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ ဟန့်တားဖို့ အခက်ကြုံခဲ့တာလို့ ဆောမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဆောမြို့ကို စစ်တပ်အင်အားဖြည့်တင်းလာတာကို ဖြတ်တောက်ရေးတွေ လုပ်ဆောင်နေပေမယ့် အင်အားမမျှဘူးလို အသိပေးပါတယ်။

” သူတိုမှာ စစ်ကြောင်းတကြောင်းမှာ လူ ၅၀၀ နီးပါးလာတယ်။ ကျနော်တို ခုံခံပြီး မှ လုပ်တဲ့သူတွေက တရာ့လေးငါးဆယ် ဒီလောက်နဲ့ကာနေရတာ။ လက်နက်အင်အားကလည်း ကွာတယ်။ ကျည်အင်အားလည်းကွာတယ်။ နောက်ပြီး သူတို လေယာဉ်တွေကလည်းချတယ် သူတို ဒရုန်းတွေကလည်း တကယ့်အကောင်းစား ဒရုန်းတွေ အသုံးပြုတာ ဖြစ်တဲ့အတွက် ကျနော်တို ဒရုန်းတွေနဲ့ ချမယ်ဆိုရင်လည်း သူတိုက ဂျန်ဘာအကောင်းတွေနဲ့ ကျနော်တို ဒရုန်းတွေက သူတိုထဲ ဝင်လိုမရဖြစ်နေတယ်။ အဲဒါကြောင့်မိုလို ကျနော်တိုတွေက တဖြည်းဖြည်းနဲ့ နယ်မြေစွန့်လွှတ်လာရတာဖြစ်တယ်” လို ဆောမြိုနယ်အတွင်း တော်လှန်ရေး တပ်ဖွဲတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်တပ်ရဲ့ လက်ရှိ ဆောဒေသ စစ်ရေးလှုပ်ရှားမှုဟာ ချင်းနဲ့ ရက္ခိုင်ကို ရိက္ခာဖြတ်တောက်ဖို အချက်အခြာကျတဲ့နေရာတွေကို တပ်စွဲနိုင်တယ်လို ဆောဒေသ သတင်းရင်းမြစ်က သုံးသပ်ပြီး နောက်ပိုင်းမှာ ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နိုင်တယ်လို ခန့်မှန်းပါတယ်။

စစ်တပ်ဟာ ချင်းမြောက်ပိုင်းက ဆုံးရှုံးနယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ချင်းတောင်ပိုင်းက မင်းတပ် ကန်ပက်လက် မြို့နယ်တွေကို လေကြောင်းဗုံးကြဲတဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်နေသလို ချင်း-မကွေးအစပ် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

(တူပီမြို့ ခလရ(၃၀၄)တပ်ရင်း ဆိုင်းဘုတ်ရှေ့မှာ အောင်ပွဲခံနေ ယောတပ်တော်(YA) ရဲဘော်များ။ ဓာတ်ပုံ – YA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *