ရန်ကုန်တွင် ပေါ်တာတင်မက စစ်မှုထမ်းအကျုံးဝင် လူလတ်တန်းစားများကိုပါ ဖမ်းဆီးလာ

ရန်ကုန်မြို့တွင် ပေါ်တာဆွဲရုံတင်မက လူလတ်တန်းစားရပ်ကွက်များအတွင်းရှိ စစ်မှုထမ်း အကျုံးဝင် လူငယ်များကိုပါ ဖမ်းဆီးလာကြောင်း သိရသည်။

ရန်ကုန်မြို့လမ်းမများပေါ်ရှိနေသော လူငယ်များကို စစ်အုပ်စုဝင်တို့က ပေါ်တာဆွဲနေသည်မှာ ၂နှစ် ဝန်းကျင်ရှိပြီဖြစ်ပြီး ယခင်က ရန်ကုန်မြို့စွန်ရပ်ကွက်များအတွင်းရှိ စစ်မှုထမ်း အကျုံးဝင်အခြေခံလူတန်းစားလူငယ်များအား အိမ်တိုင်ရာရောက် ဖမ်းဆီးခဲ့ရာမှ ယခုအခါ လူလတ်တန်းစားများပါ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

“ကျနော့်အမြင်ပြောရရင် ပေါ်တာဆွဲလို့မိတာ နည်းလာတယ်။ပြီးတော့ မြို့စွန်ပိုင်းက မျက်နှာမွဲလူ ငယ်တွေကို စစ်မှုထမ်းစာရင်းထဲပါတယ်ဆိုပြီး သွားဖမ်းလို့ရတာလည်း နည်းလာတယ်လို့ထင်တယ်။ အဲဒါကြောင့် လူလတ်တန်းစားတွေကိုပါ လုပ်လာတာ”ဟု ၎င်းကပြောသည်။

မေလ ၁၄ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ကျောက်မြောင်း၊ဌေးကြွယ်ရပ်ကွက်၊သူဌေးလမ်းထဲ၌ နေထိုင်သည့် လူငယ်အမျိုးသား ၃ ဦးကို စစ်မှုထမ်းစာရင်းထဲ ပါသည်ဟုဆိုကာ စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန်ထားသည်။

“ရပ်ကွက်နာမည်အရှည်က မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်လို့ သိရပါတယ်။ သူဌေးလမ်းက သတိပဋ္ဌာန်လမ်းရှည်နဲ့ သမိန်ဗရမ်းလမ်းမကို ဆက်ထားတာပါ။

တာမွေမှာက အဲ့နားဝန်းကျင်နဲ့ မလွှကုန်းဘက်တွေ၊ ပလာဇာအနောက်ဘက်တွေမှာ လူဆွဲတာတွေ ဖြစ်လေ့ရှိပါတယ်ဗျ။ နောက်ပိုင်း သိပ်မကြားရတော့ရာကနေ ခုပြန်ကြားရတာပါ”ဟု RSN တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧပြီ ၂၀ ရက်၊ ည ၁၀ နာရီခန့်ကလည်း လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ ရွှေဟင်္သာလမ်းထဲသို့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်သားများ ရောက်ရှိလာပြီး ကြိုတင်ပြုစုထားသည့် နာမည်စာရင်းအတိုင်း လူငယ် ၆ ဦးကို အိမ်ပေါ်ထိတက်ကာ စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ဒေသတွင်းနွေဦးတော် လှန်ရေး စာမျက်နှာက သတင်းထုတ်ပြန်ထားသေးသည်။

“စစ်မှုထမ်းဖမ်းတာတွေက တဖြည်းဖြည်းပိုဆိုးလာဖို့ပဲရှိတယ်။မုံရွာမြို့ပေါ်မှာဆို နေ့စဉ်ကို ပေါ်တာ လိုက်ဆွဲနေတယ်။ပေါ်တာဆိုတာက အိမ်အပြင်မထွက်ရင် အဖမ်းခံရစရာ အကြောင်းမရှိဘူး။

ပေါ် တာထက် ပိုကြောက်ရတာက နာမည်စာရင်းနဲ့ ကိုယ့်အိမ်ပေါ် အလစ်အငိုက် တက်လာပြီး စစ်မှု ထမ်းဖို့ လာခေါ်သွားတာမျိုးပါ။

အဲလိုပုံစံမျိုးတွေ နောက်ပိုင်း ပိုဖြစ်လာဖို့ များတယ်”ဟု နယ်စပ်ဒေသ အခြေစိုက် CDM အရာရှိတစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းအကျုံးဝင်သူများကို အလှည့်ကျ ဆင့်ခေါ်နိုင်ရေးအတွက် စာရင်းပြုစုမှတ်ပုံတင်ထားရန် အစိုးရတု၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ကာကွယ် ရေးဝန်ကြီးက မေ ၁၄ ရက်၌ ပြောသည်။

ဧပြီလအတွင်း ရန်ကုန်၌ စစ်အုပ်စု၏ မတရားဖမ်းဆီးမှုဖြစ်စဉ်ကို သိရှိရမှု လျော့နည်းခဲ့ကြောင်း RSN တာဝန်ရှိသူက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *