ယနေ့ည မြန်မာဇနီးမောင်နှံ နှစ်ဦး မော်တော် ဆိုင်ကယ် မတော်တဆမှုဖြင့်ကာ ပွေ့ဖက်ထားသည့် အနေအထားနှင့် ဆုံးပါးခဲ့တဲ့ ဝမ်းနည်းကြောင်းသတင်း ဖော်ပြလိုပါတယ်။
ထိုင်းနိုင်ငံ၊ စာမွတ်ပရာကန်ပြည်နယ်၊ ဘန်ဘိုခရိုင်၊ ကလုန်ဒန်မြို့နယ်၊ ဘန်သောင်ခွန်ကျောင်းအနီး ပန်ဝှီးသီးလမ်းပေါ်တွင် မေလ ၁၆ ရက် ညနေ ၆ နာရီခွဲအချိန်က မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး မော်တော်ဆိုင်ကယ်မှ ချော်ကျကာ နောက်မှလိုက်ပါလာသည့် ကွန်တိန်နာကားတစ်စီး၏ ဘီးအောက်သို့ ကျရောက်ခဲ့ကာ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

CCTV မှတ်တမ်းများအရ အဆိုပါစုံတွဲ၏ရှေ့မှ မော်တော်ဆိုင်ကယ်တစ်စီးက လမ်းဘေးသို့ကွေ့ရန် ဘရိတ်အုပ်လိုက်သဖြင့် ၎င်းတို့လည်း ဘရိတ်အုပ်လိုက်ရာ လမ်းပေါ်ရှိသဲများကြောင့် ဆိုင်ကယ်ချော်ကျသွားခဲ့ပါတယ်။
ထိုအချိန်တွင် နောက်မှလိုက်ပါလာသည့် ကွန်တိန်နာကား၏ ဘယ်ဘက်နောက်ဘီးက ၎င်းတို့၏ခေါင်းကိုကြိတ်မိခဲ့ပြီးနေရာတွင်ပင် ဆုံးပါးခဲ့ပါတယ်။
မတော်တဆမှုဖြစ်ပွားပြီးနောက် ထရပ်ကားမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ပြီး ၁ ကီလိုမီတာအကွာရှိ CCTV ကင်မရာတွင် အရှိန်မြှင့်ထွက်ပြေးသွားပုံကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

Poh Teck Tung Bang Bo ကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားချက်အရ အခင်းဖြစ်ပွားရာသို့ ရောက်ရှိစဉ် ဇနီးဖြစ်သူ (အမည် မဖြူဖြူဝင်း၊ အသက် ၅၅ နှစ်) သည် ခင်ပွန်းဖြစ်သူ (မစ္စတာနိုင်ဇင်ဝင်း၊ အသက် ၄၇ နှစ်) ၏ အလောင်းကို ပွေ့ဖက်ထားသည့် အနေအထားတွင် နှစ်ဦးစလုံး ဦးခေါင်းအလွန်အမင်း ပျက်စီးဒဏ်ရာရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အနီးတွင် လိုင်စင်နံပါတ် 8242 Bangkok ဖြင့် မီးခိုးရောင်နှင့် အနက်ရောင် Honda Wave ဆိုင်ကယ်တစီး လဲကျပျက်စီးနေပြီ ဖြစ်ပါတယ်။

ကလွန်ဒန်ရဲစခန်းမှ ဒုတိယရဲမှူးကြီး ဖိုးချိုင်း ကွမ်ခွန်သော့ဒ်နှင့် မှုခင်းဆေးပညာရှင်များက အခင်းဖြစ်ပွားရာနေရာအား စစ်ဆေးခဲ့ရာ လမ်းပေါ်တွင် သဲများနှင့် ဆိုင်ကယ်ချော်ကျသည့် အမှတ်အသားများကို တွေ့ ရှိရပြီး မျက်မြင်သက်သေ မစ္စ ပရတ်သနာ ခွန်ဆာရာက ဆိုင်ကယ်ထိန်းချုပ်မရဖြစ်ကျပြီး နောက်ယာဉ်ဘီးကြိတ်မိသည်ကို မြင်ခဲ့ရကြောင်း ထွက်ဆိုချက်ပေးခဲ့ပါတယ်။

ရဲများက သက်သေအထောက်အထားများကို ဓာတ်ပုံရိုက်ယူပြီး ထွက်ပြေးသွားသည့် ကွန်တိန်နာကားအား CCTV မှတ်တမ်းများအရ ခြေရာခံကာ ယာဉ်မောင်းကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး သေဆုံးသူ မြန်မာနိုင်ငံသားစုံတွဲ ရုပ်အလောင်းများကို အသေးစိတ်ရင်ခွဲစစ်ဆေးရန် စမွတ်ပရာကန် ရာမာသီဘိုဒီဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Ref: ต้นปราการ


Leave a Reply