“Hi ခန်း” ထဲက ပျော်ပွဲစားပွဲနှင့် ကြောက်မက်ဖွယ် HIV လှိုင်းလုံးသစ်

ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများအပါအဝင် နယ်စပ်ဒေသများရှိ အပျော်အပါး အမှောင်လောကတွင် “Hi ခန်း” (ဟိုင်းခန်း) ဟု ခေါ်ဆိုသည့် စိတ်အပန်းဖြေရာ နေရာများသည် ယခုနောက်ပိုင်းတွင် ရေပန်းစား လူကြိုက်များလာခဲ့သည်။

သို့သော် ထိုအပျော်ခန်းများ၏ နောက်ကွယ်တွင် လူငယ်၊ လူလတ်ပိုင်းနှင့် အထက်တန်းလွှာများအကြား ဆိတ်ကွယ်ရာ ကြောက်မက်ဖွယ်ရာ HIV ကူးစက်မှု အန္တရာယ်ကြီးတစ်ခု တိတ်တဆိတ် ကူးစက်ပြန့်ပွားနေကြောင်း သိရသည်။

တရိပ်ရိပ် တက်လာနေသည့် HIV ကူးစက်မှုနှုန်း

ပြည်တွင်းရှိ HIV ကာကွယ်စောင့်ရှောက်ရေး NGO တစ်ခုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးဆရာဝန်တစ်ဦးက လက်ရှိရင်ဆိုင်နေရသည့် အခြေအနေကို ယခုလို ညည်းတွားပြောဆိုသည်။

“လူငယ်အချင်းချင်း မတော်တဆ အိပ်မိကြရင်းနဲ့ ကိုယ့်ကိုယ်ကို မသင်ကာလို့ဆိုပြီး ဆေးလာစစ်ကြည့်တော့မှ HIV Positive (ပိုးတွေ့ရှိကြောင်း) တွေ ထွက်လာကြတာ။ ဆေးစစ်ချက်ရလဒ်မြင်ပြီး ငိုကြယိုကြတဲ့ မြင်ကွင်းက နေ့တိုင်းလိုလို တွေ့နေရတယ်”

အဆိုပါ ဆရာဝန်၏ ပြောပြချက်အရ လက်ရှိတွင် HIV ပိုးထိန်းဆေး (ART) လာရောက်သောက်သုံးရသည့် လူနာဦးရေသည် ယခင်ကထက် နှစ်ဆခန့် မြင့်တက်လာပြီး ကူးစက်မှုနှုန်းမှာ စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မူးယစ်ဆေးနှင့် အပျော်ကျူးခြင်း (Chemsex) ရိုက်ခတ်မှု

ယခုကဲ့သို့ ကူးစက်မှုနှုန်း သိသိသာသာ ထိုးတက်လာရခြင်း၏ အဓိကတရားခံမှာ ခေတ်စားလာသည့် “Chemsex” (ချက်မ်ဆက်စ်) ကြောင့် ဖြစ်သည်ဟု ဆိုသည်။

Chemsex ဆိုသည်မှာ စိတ်ကြွရူးသွပ်စေသည့် မူးယစ်ဆေးတစ်မျိုးမျိုးကို သုံးစွဲပြီးနောက် လိင်ဆက်ဆံကြခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။

အထူးသဖြင့် ကလပ် (Club) များ၊ KTV အခန်းများတွင် ခေတ်စားနေသည့် Ecstasy (E ဆေးပြား)၊ Ketamine (K အမှုန့်) နှင့် Happy Water ကဲ့သို့သော ဓာတုအရည်များကို အသုံးပြုကာ စိတ်အခြေအနေ လွတ်ကင်းသွားသည်အထိ “Hi” ကြပြီးနောက် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများ ပြုလုပ်ကြခြင်းဖြစ်သည်။

“E သောက်လိုက်ရင် အသိစိတ်က ပြင်ပကမ္ဘာကို ရောက်သွားပြီး စည်းချက်နဲ့အတူ ကကြတယ်။ K ကျတော့ ခွဲခန်းသုံးမေ့ဆေး။ အဲဒါကို ပိုက်နဲ့ နှာခေါင်းကနေ ရှုကြတာ။ အဲဒီလို ဆေးတွေ တရားလွန်သုံးပြီး လူမှန်းသူမှန်း မသိတော့တဲ့အချိန်မှာ တွေ့ကရာလူတွေနဲ့ ဟိုတယ်လိုက်အိပ်၊ အကာအကွယ်မပါဘဲ Chemsex တွေ လုပ်ကြရင်း ကူးကုန်ကြတာပဲ” ဟု ၎င်းက ရှင်းပြသည်။

ငွေကြေးတတ်နိုင်သူတို့၏ အမှောင်ကမ္ဘာ

လူအများစုက ဤကဲ့သို့သော Party Drug မူးယစ်ဆေးဝါးများကို လမ်းဘေးလူငယ်များသာ သုံးစွဲနေကြသည်ဟု ထင်မှတ်မှားတတ်ကြသော်လည်း အမှန်တကယ်တွင် လူလတ်ပိုင်း၊ သက်ကြီးပိုင်းများနှင့် ငွေကြေးအင်အား တတ်နိုင်သူများက အဓိက သုံးစွဲနေကြခြင်း ဖြစ်သည်။

“Hi ခန်း” တစ်ခါသွားလျှင် အခန်းခတင်ပင် တစ်ညလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အနည်းဆုံး ကုန်ကျပြီး၊ နယ်စပ်ဒေသရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) အဖွဲ့များနှင့် မူးယစ်ဂိုဏ်းများ သွားလာသည့် KTV များတွင်မူ တစ်ညလျှင် အခန်းခတင် ကျပ်သိန်း ၅၀ ခန့်အထိ ကုန်ကျတတ်သည်။

“ဒီလောက် ပမာဏကို ညတိုင်း ဖြုန်းနိုင်တဲ့အင်အားက သာမန်လူငယ်တွေမှာ မရှိပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာကလူတွေ၊ အဖွဲ့အစည်းတွေထဲက လူကြီးတွေပဲ ရှိတာ။ လူငယ်အချို့ကတော့ ငွေစုပြီး အပျော်ရှာရင်း လိုက်ဟိုင်းကြတာမျိုး ရှိတယ်”

လူမှုပတ်ဝန်းကျင်နှင့် အိမ်ထောင်စုများဆီသို့ ကူးစက်လာခြင်း

အဆိုးဝါးဆုံး အခြေအနေမှာ ဆေးအရှိန်ကြောင့် အသိစိတ်လွတ်ကာ ကွန်ဒုံးအသုံးမပြုဘဲ စည်းလွတ်ဝါးလွတ် ဆက်ဆံမိကြခြင်း ဖြစ်သည်။ ထို့အပြင် မိမိတွင် ရောဂါပိုးရှိမှန်း သိလျက်နှင့် တမင်သက်သက် ပိုးလိုက်ဖြန့်သည့် ကျင့်ဝတ်ပျက်ပြားသူအချို့လည်း ရှိနေသည်။

ဤ “Hi ခန်း” များအတွင်းမှ စတင်ခဲ့သော HIV ပြဿနာသည် အပျော်ခန်းအတွင်းတင် ပြီးဆုံးမသွားဘဲ၊ အပျော်အပါးမက်သူများမှတစ်ဆင့် အိမ်၌ရှိကျန်ရစ်သည့် အပြစ်မဲ့သော ဇနီးမယားနှင့် မိသားစုဝင်များထံသို့ပါ ဆင့်ပွားကူးစက်မှုများ ဖြစ်ပွားလာနေသည်။

လက်ရှိစာရင်းဇယားများအရ မြန်မာတစ်နိုင်ငံလုံးတွင် HIV ပိုးတွေ့ရှိ၍ ART ဆေးသောက်နေရသူစုစုပေါင်း၏ ၄၅ ရာခိုင်နှုန်း မှာ ရန်ကုန်မြို့မှဖြစ်ပြီး၊ ၂၅ ရာခိုင်နှုန်း မှာ မန္တလေးမြို့မှ ဖြစ်သည်။

ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်သည်

အကယ်၍ အပျော်အပါး လမ်းကြောင်းသို့ ရောက်ရှိသွားပြီး မူးယစ်ရီဝေကာ လိင်ဆက်ဆံမှု ပြုလုပ်တော့မည်ဆိုလျှင်ပင် အနည်းဆုံး မိမိကိုယ်မိမိ ကာကွယ်သည့်အနေဖြင့် “ကွန်ဒုံး (Condom)” ကို မဖြစ်မနေ အသုံးပြုရန် ကျန်းမာရေးပညာရှင်များက အထူး သတိပေးနှိုးဆော်ထားသည်။

လက်ရှိခေတ်တွင် HIV ကူးစက်ခံရပါက ART ဆေးဝါးများ မှန်မှန်သောက်သုံးပြီး သာမန်လူများကဲ့သို့ သက်တမ်းစေ့ နေထိုင်နိုင်သည်မှာ မှန်သော်လည်း၊ ရောဂါပိုး မကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းသည်သာ မိမိနှင့် မိမိမိသားစုအတွက် အကောင်းဆုံးသော ဘဝအာမခံချက် ဖြစ်ပေတော့သည်။

The Justice Wave


Comments

Leave a Reply

Your email address will not be published. Required fields are marked *