အမေ့လျော့ခံ မဟုတ်တဲ့ သရုပ်ဆောင် ရဲတိုက်

အင်းစိန်ထောင်မှာ ၅ နှစ်ကျော်ကြာ ကျခံနေရတဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က သူ့ရဲ့ ၄၂ နှစ်မြောက် မွေးနေ့ကို ထောင်တွင်းမှာပဲ ဖြတ်သန်းခဲ့ပါတယ်။

သူ့ရဲ့ ပရိသတ်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေ ထွက်လာတိုင်းမှာ မျှော်နေကြပေမယ့် ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက် လွတ်ငြိမ်းမှာလည်း ပါဝင်လာခြင်း မရှိသလို ကဆုန်လပြည့်နေ့မှာလည်း မျှော်လင့်ချက်မဲ့ခဲ့ပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ ၂၀၂၁ ဧပြီ ၃ ရက်က ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကိစ္စတွေနဲ့ ပတ်သက်လို့ အင်တာဗျူးဖြေဆိုတာ၊ Facebook ပေါ် တင်တဲ့စာတွေကြောင့် လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅- က နဲ့ တရားစွဲတဲ့အပြင် မရမ်းကုန်းမြို့နယ် တရားရုံးကလည်း မူးယစ်ဆေးဥပဒေ ပုဒ်မ ၁၆ (ဂ) နဲ့လည်း ရုံးတင်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပြီး အခုဆိုရင် ၅ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။

ရဲတိုက်နဲ့ နီးစပ်သူတဦးက “ကျန်းမာရေးက ကောင်းပါတယ်။ အဆင်ပြေပါတယ်။ ထူးထူးခြားခြားတော့ ဘာမှ မရှိပါဘူး။ သူစိတ်ပိုင်းဆိုင်ရာအတွက်တော့ ပုံမှန်အတိုင်း ဆေးသောက်ခွင့်ရတယ်။ သူလိုတဲ့ဆေးကို ကျနော်တို့ ပို့ပေးပါတယ်။ ဆေးက အမြဲတမ်းတော့ သောက်ရတာမျိုး မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နဲ့ ကဆုန်လပြည့် နေ့ထူးနေ့မြတ်တွေမှာ အများမျှော်လင့်ထားသလို လွတ်ငြိမ်းထဲ မပါပေမယ့် ပြစ်ဒဏ် ခြောက်ပုံတပုံ လျှော့ချတာ ၂ ကြိမ်ရလိုက်တဲ့အတွက် ပြစ်ဒဏ် ၂ နှစ်ခွဲခန့်သာ ကျခံဖို့ ကျန်တော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့အမှုကို ကိုင်တွယ်ခဲ့တဲ့ရှေ့နေကြီးကတော့ “တခါထဲ လွှတ်ပေးတာတော့ မဟုတ်ပေမယ့် ၆ ပုံ ၁ ပုံပေးတာကိုတော့ ခံစားရမယ်၊ သူလည်း အကျုံးဝင်ပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက် ကျခံနေတဲ့ အမှု ၂ ခုမှာ ၅၀၅ (က) ကတော့ စစ်ကော်မရှင်ရဲ့ လျော့ပေါ့အမှုထဲမှာ ပါသွားပြီဖြစ်ပြီး အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ် ကျနေရတဲ့ ၁၆ (ဂ)/၂၃ အမှုကတော့ အမှုရဲ့ ၆ ပုံ ၁ပုံ ကို နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်းနဲ့ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းခွင့်တို့ထဲ ၂ ကြိမ် လျှော့ချလိုက်တဲ့အတွက် ၂ နှစ်ခွဲခန့်သာ ကျန်တော့မှာဖြစ်ပါတယ်။

မင်းသား ရဲတိုက်ရဲ့ ကျန်းမာရေးကတော့ ၂၀၂၁ ဒီဇင်ဘာလောက်မှာ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပေမယ့် အခုအချိန်မှာတော့ ဆေးအမြဲ မသောက်ရဘဲ လိုအပ်မှသာ သောက်ရတဲ့အခြေအနေကို တိုးတက်လာပြီလို့ ဆိုပါတယ်။ နောက်တကြိမ် ဒီလို ထပ်ဖြစ်ခဲ့ရင် အသက် အန္တရာယ် စိုးရိမ်ရတာကြောင့် အင်းစိန်ထောင်တွင်း ဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

အဲဒီတုန်းကတော့ သူ့ကျန်းမာရေး အခြေအနေဟာ ညဘက် အိပ်ရေးပျက်၊ အိပ်ရေးမဝတာတွေကြောင့် စိတ်ကျရောဂါ ဝေဒနာ ခံစားနေရပြီး သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှု တစုံတရာလုပ်ခဲ့ရင် သူ့အနေနဲ့ Depression ကြောင့် ရုတ်တရက် အသက်ရှူ ရပ်သွားနိုင်တာမျိုး၊ နှလုံးရပ်သွားနိုင်တဲ့ အနေအထားမျိုး ရှိခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။

ရဲတိုက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ပထမအကြိမ် ထောင်ကထွက်လာပြီး စိတ်ကျရောဂါ (Depression) ခံစားဖူးသူ ဖြစ်တာ ကြောင့် အင်းစိန်ထောင်တွင်းက လက်ရှိ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ပရိတ်သတ်က အမြဲတမ်း စိတ်ပူနေရပေမယ့် အခုလက်ရှိမှာတော့ ကျန်းမာနေတယ်လို့ သိရပါတယ်။

“သူ ကျန်းမာ ရွှင်လန်းနေပါတယ်။ အရင်ကလိုပဲ ကြည့်ကောင်းပါတယ်။ ဝိတ်ကတော့ တမင် မချတာပါတဲ့။ အသားအရည် လည်း ဝင်းဝါစိုပြည်နေတယ်။ သူ့ပရိတ်သတ်တွေနဲ့ ပြန်တွေ့ရတော့မှာမို့ ပျော်ရွှင်နေပါတယ်” လို့ ရဲတိုက်ရဲ့ အမာခံ ပရိသတ် တဦးက ပြောပါတယ်။

ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတဲ့ ၅ နှစ်ကျော် ကာလအတွင်း ရဲတိုက်ရဲ့ အမာခံပရိသတ်အဖွဲ့က ထောင်ဝင်စာ မပျက်မကွက် ပို့ပေးနေတယ်လို့လည်း ပြောပါတယ်။

သူ့ရဲ့ ပရိတ်သတ်တွေကတော့ မွေးနေ့တိုင်းမှာ အလှူအတန်း ပြုလုပ်ပေးနေသလို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကလည်း ရန်ကုန် ဆေးရုံကြီးမှာ ထမင်း၊ ကြက်သား လူအယောက် ၁၅၀ စာ နဲ့ တခြားသော လှူဖွယ်ပစ္စည်းများ ဝေငှခဲ့ပါသေးတယ်။

“မနက်ဖြန်တိုင်း သူပြန်လာမှာလို့ ယုံကြည်နေကြပါတယ်။ လျှော့ရက်တွေ နုတ်လိုက်ရင် နှစ်အများကြီး မကျန်တော့လို့ အချိန်မရွေး ပြန်လာဖို့ မျှော်လင့်လို့ရပါတယ်” လို့ ရဲတိုက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရဲတိုက် ခုတကြိမ် ထောင်ထဲက ပြန်ထွက်လာရင် သုံးစွဲနိုင်အောင် အမာခံပရိသတ်တွေ စုပေါင်းကာ ငွေအချို့ကို ရန်ပုံငွေ အဖြစ် စုဆောင်းထားပြီး ပြန်လွတ်လာချိန်မှာ လက်ဆောင်အနေဖြင့် ပေးဖို့ ပြင်ဆင်ထားသလို မျှော်လင့်သလို မဖြစ်ခဲ့ပေမယ့်လည်း စိတ်ပျက်လက်ပျက် မဖြစ်နေပါဘူး။

၂၀၀၅ ခုနှစ်မှာ အနုပညာလောကထဲ စတင် ဝင်ရောက်ခဲ့တဲ့ ရဲတိုက်ဟာ “အမှောင်ငွေ့ရနံ့” ဆိုတဲ့ ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးကာ သူ့ရဲ့ အနုပညာ သက်တမ်းတလျောက် ဇာတ်ကားပေါင်း ၆၀ ခန့် ပါဝင် သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်တာအပြင် တခြား အနုပညာတွေကိုပါ ရူးသွပ်သူလို့ ရင်းနှီးသူ အများစုက သိကြတဲ့ ရဲတိုက်ဟာ ဇာတ်လမ်း တိုင်းကို သရုပ်ဆောင်တဲ့သူမျိုးလည်း မဟုတ်ပါဘူး။

သူပါဝင်တဲ့ ဇာတ်ကားတွေဟာ လေးနက်ထူးခြားမှုရှိပြီး သရုပ်ဆောင်မှုအပိုင်းကလည်း တခုခု စွဲကျန်အောင်ထိ ပရိသတ်ကို ဖမ်းစားနိုင်ပါတယ်။ သူ့ဟာ ပရိသတ်ကို အသိပညာ တွေးစရာ တခုခုပေးနိုင်တဲ့ ဇာတ်ကားမျိုးကိုသာ ရိုက်လေ့ရှိသူပါ။

ဒါပေမယ့် ပြင်ပ လောကမှာတော့ ပရိတ်သတ်အတွက် စံပြထားရမယ့် ပုဂ္ဂိုလ်တော့ ဖြစ်ခဲ့သူ မဟုတ်ဘူးလို့ ဆိုရမှာပါ။

သူဟာ ၂၀၁၃ ခု မေလ ၂၈ ရက်က ရန်ကုန်တိုင်း ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းတွင်း ဆန္ဒဖော်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်မှု၊ ကြံစည်ပြုမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၉၅/(က)နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ပြန်လည်တောင်းပန်ခဲ့တာကြောင့် ကျေအေး ပေးခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၄ ခုနှစ်က ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တရားရုံးက မူးယစ်ဆေးဝါးမှုဖြင့် အလုပ်ကြမ်းနဲ့ ထောင် ၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပါတယ်။

ရဲတိုက်ဟာ ထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီးနောက် အနုပညာလောကထဲ တကျော့ပြန် ဝင်ရောက်တဲ့အနေနဲ့ ၂၀၁၈ အတွင်းမှာ “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူနဲ့ ခေတ်ပြိုင်မင်းသားတွေဟာ ပြည်တွင်း ရုပ်ရှင်ဇာတ်ကား အမြောက်မြား ရိုက်ကူးနေရပေမယ့်လည်း ရဲတိုက်ကတော့ နောက်ဆုံးရိုက်ကူးနိုင်ခဲ့တာ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်နဲ့လည်း ပရိသတ်များက ပထမဆုံး အကယ်ဒမီ မျှော်မှန်းထားခဲ့ကြပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့အတူ အာဏာငမ်း ဖမ်းကာ စစ်တပ် အာဏာသိမ်းတာကြောင့် အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

ရဲတိုက်ရဲ့ နာမည်ကြီးဇာတ်ကားတွေက “လွမ်းတစိမ့်စိမ့်” ၊ “အမျှင်” ၊ “ချစ်သူ” ၊ “ရွာ” စတဲ့ ဇာတ်ကားတွေပါ။

သရုပ်မဆောင်ရရင် မနေနိုင်သူ ရဲတိုက်ဟာ အနုပညာအလုပ်ကလွဲ၍ တခြားအလုပ်ကို လုပ်ဖို့ စိတ်မဝင်စားဘူးလို့လည်း သူနဲ့ ရင်းနှီးတဲ့သူတွေက မှတ်ချက်ပြု ပြောဆိုကြသလို ကိုယ်တိုင်လည်း “ကျနော်က သရုပ်မဆောင်ရရင် မနေနိုင်ဘူး”လို့ ၂၀၁၈ ခုနှစ်က အင်တာဗျူးတခုမှာ ပြောခဲ့ပါသေးတယ်။

ပထမအကြိမ် ထောင်က ထွက်လာခဲ့တုန်းက အနုပညာလောကကို ပြန်လည် ဝင်ရောက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းချိန်မှာ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့တာကြောင့် မူးယစ်အမှုပါကပ်ကာ ယနေ့ထိတိုင် အကျဉ်းချခံနေရပေမယ့် ကျန်းကျန်း မာမာနဲ့ ပြန်လွတ်လာမယ့်ရက်ကို သူချစ်တဲ့ပရိသတ်က မမေ့မလျော့ စောင့်မျှော်နေကြဆဲပါ။

သူ့ရဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်ပေးနေတဲ့ ဆာတိုရီရဲ့ ဒါရိုက်တာ ရီဇော်ကတော့ “ရဲတိုက်ကျန်းမာရေးကတော့ ကောင်းတဲ့ အခါလည်းရှိသလို လိုအပ်လို့ ဆေးသောက်ရတဲ့အခါလည်း ရှိပါတယ်။ အရင်တုန်းက ဖြစ်ခဲ့လို့ စိုးရိမ်ကြတာပေါ့။ အခု ကတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျန်းမာရေးကောင်းပါတယ်၊ ကျနော်လည်း အများမျှော်လင့်သလို လွတ်ငြိမ်း ချမ်းသာတခုခုနဲ့ သူလွတ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *