မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် ဦးတေဇ၏သား မောင်ထူးထက်တေဇ စစ်မှုထမ်းရန် ဆင့်ခေါ်စာ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိသည်
အဆိုပါ ပျံ့နှံ့နေသည့် ဆင့်ခေါ်စာသည် ကမာရွတ်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး၊ အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်သည့် စာတစ်စောင် ဖြစ်သည်။
စာအထဲတွင်မူ အမည် မောင်ထူးထက်တေဇ၊ အဘအမည် ဦးတေဇ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၁၂/ကမရ(နိုင်)၀၆၀၈၅၁၊ နေရပ်လိပ်စာ အမှတ် (၈၆)၊ အင်းယားလမ်း၊ (၁၀) ရပ်ကွက်၊ ကမာရွတ်မြို့နယ်ဟု အတိအကျ ဖော်ပြထားသည်။

ထို့အပြင် အဆိုပါပုဂ္ဂိုလ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မြောက်ပြီးသူ ဖြစ်သဖြင့် မေလ ၁၄ ရက်နေ့ ရုံးချိန်အတွင်း ကမာရွတ်မြို့နယ်ထွေအုပ်ရုံး (နာဂတ်တောလမ်းနှင့် နာဂတ်တောဂိတ်တံတားအဆင်း) နေရာသို့ မပျက်မကွက် လာရောက်သတင်းပို့ရမည်ဟု ဖော်ပြထားပါပြီး သတင်းပို့ရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရမည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါသတင်းနှင့် စစ်ကော်မရှင်ဘက်က လုပ်ထုံးလုပ်နည်းအရ ကွန်ပျူတာစာရင်းထဲမှ အလိုအလျောက် ထွက်လာခြင်းလော၊ သို့မဟုတ် တမင်သက်သက် လုပ်ကြံဖန်တီးထားခြင်းလောဟူ၍ ပြည်သူများက ဝေဖန်မှုများရှိနေသည်။
အထူးသဖြင့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကတည်းက စစ်တပ်နှင့် အလွန်နီးစပ်ပြီး ခရိုနီကြီးဖြစ်ခဲ့သည့် ဦးတေဇ၏ သားအရင်းကို ကမာရွတ်မြို့နယ်အဆင့် ရပ်ကွက်စာရေးများက ဆင့်ခေါ်စာ ပို့ရဲခြင်းသည် မြေပြင်လက်တွေ့တွင် လုံးဝမဖြစ်နိုင်ကြောင်း ပြည်သူများက သုံးသပ်နေကြသည်။

ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက “ဒါကတော့ ရယ်စရာကြီးပါ။ မြန်မာပြည်မှာ ဆင်းရဲသားတွေ၊ လမ်းဘေးကလူတွေ၊ ပိုက်ဆံမရှိတဲ့သူတွေပဲ အဓမ္မ အဖမ်းခံပြီး စစ်မှုထမ်းနေရတာ။ သူဌေးသားတွေ၊ စစ်ဗိုလ်ချုပ်သားသမီးတွေကျတော့ နိုင်ငံခြားမှာ ပျော်ပါးနေကြတာပဲ။ အခုစာက တကယ့်လက်တွေ့မှာတော့ ဘယ်တော့မှ စစ်ထဲရောက်သွားမှာ မဟုတ်ဘူး” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။
နိုင်ငံရေးလေ့လာသူများကမှု ယခုထွက်ပေါ်လာသည့်စာသည် စစ်ကော်မရှင်၏ Psychological Warfare သို့မဟုတ် ပြည်သူများကို မျက်စိလှည့်စားသည့် Psychological Operation/Psyop လှည့်ကွက်တစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်လာပြီးကတည်းက လူငယ်များသည် နိုင်ငံခြားသို့ နည်းမျိုးစုံဖြင့် ထွက်ပြေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်သွားခြင်းများကြောင့် ပြည်သူများအကြား မကျေနပ်မှု အလွန်မြင့်မားနေချိန်တွင် “သူဌေးသားလည်း စစ်မှုထမ်းရတာပဲ” ဆိုသည့် ပုံစံမျိုးဖြင့် ပြည်သူများ၏ ဒေါသကို လျှော့ချရန် ဝါဒဖြန့်ခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။
စစ်ရေးလေ့လာသူတစ်ဦးက “ဒါဟာ တမင်သက်သက် စိုက်ဝါးထည့်တာ ဖြစ်ဖို့များပါတယ်။ ငါတို့က ဥပဒေအတိုင်း လုပ်တာ၊ သူဌေးသားလည်း မချန်ဘူး ဆိုပြီး ပြည်သူတွေအမြင်မှာ တရားမျှတသယောင် ပြချင်တာပါ။ တကယ်တမ်း အဲဒီစာထွက်လာတော့ ဦးတေဇရဲ့ သားက စစ်တန်းလျားထဲ ရောက်သွားမှာလားဆိုတော့ ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ ဒါဟာ ဝါဒဖြန့် စာရွက်တရွက်သက်သက်ပဲ” ဟု ထောက်ပြသည်။
ထို့ပြင် လက်ရှိ စစ်ကော်မရှင်၏ စာရင်းဇယား ကောက်ယူပုံများသည် မမှန်ကန်ဘဲ အိမ်တွင်မရှိတော့သည့်သူများ၊ ကွယ်လွန်သွားသည့်သူများနှင့် နိုင်ငံခြားရောက်နေသည့်သူများ၏ နာမည်များကိုပါ မှတ်ပုံတင်စာရင်းများအတိုင်း လိုက်ထုတ်နေခြင်းကြောင့် စက်မှုဇုန်နှင့် ရုံးစာရင်းများထဲမှ အလိုအလျောက် နာမည်ပါလာခြင်းလည်း ဖြစ်နိုင်ကြောင်း အချို့က ယူဆကြသည်။


Leave a Reply