ကပစ ၁၆ တပ်မိသားစုများ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ဘေးရှောင်

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံက မှီခိုရဲမေမိသားစုတွေနဲ့ အသက်အရွယ်ကြီးသူတွေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မေ ၁၄ ရက်ကစလို့ ကပစ ၁၆ က မှီခိုရဲမေတွေ၊ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကေတုမတီအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကို ပြောင်းနေတာလို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “တိုက်ပွဲက ကပစ ၁၆ နဲ့ နီးလာတာရယ်၊ အရှေ့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သုံ့ပန်းအဖြစ် အဖမ်းခံရတာတွေရှိတာကြောင့် မှီခိုမိသားစုတွေနဲ့ အသက်ကြီးတဲ့သူတွေကို တိုင်းစစ်ဌာနချုပ်ကို ယာယီပြောင်းရွှေ့ထားတဲ့သဘောပါ” လို့ ပြောပါတယ်။

ပြောင်းရွှေ့ရေးကို ကပစ ၁၆ က ဗိုလ်ကြီးတယောက်နဲ့ တပ်မ ၇၇ က အရာရှိတွေ ဦးဆောင်ပြီး ကပစ ၁၆ အတွက် စစ်ကူပေးဖို့ တိုင်းစစ်ဌာနချုပ်က စခတ ၇ က စစ်မှုထမ်းတွေကို အင်အားဖြည့်ပေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲတွေဟာ ကပစ ၁၆ နဲ့ အတော်လေး နီးကပ်လာပြီဖြစ်တာကြောင့် တပ်မိသားစုတွေကို အန္တရာယ်ကင်းရာ ပို့ဆောင်နေရသလို ပန်းတောင်းမှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း စိုးရိမ်မှုတွေရှိနေတယ်လို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။

“AA က ကပစ ၁၆ ရဲ့ ကာကင်းစခန်းအတော်များများ သိမ်းပြီးသွားပြီ။ တပ်မိသားစုတွေလည်း ပြေးတဲ့သူ ပြေးကုန်ပြီ။ ကြားမှာညပ်နေတာ ဌာနဆိုင်ရာဝန်ထမ်းတွေ ဖြစ်နေတယ်။ ရုံးက အကြီးအကဲတွေက အခုချိန်ထိ အခြေအနေကောင်းတယ်ပဲ ပြောနေတယ်။ အကုန်လုံးက စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ဖြစ်တဲ့ ကပစ ၁၆ ဟာ အာဏာရှင်စစ်တပ်အတွက် အရေးပါတာကြောင့် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတာတွေ၊ စစ်ကူဖြည့်တာတွေ လုပ်ပေမဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးနည်းဗျူဟာကို ယှဉ်လို့မရဖြစ်နေတယ်လို့ စစ်ရေး လေ့လာသူတယောက်က ပြောပါတယ်။

“AA ရဲ့ နည်းဗျူဟာက မကွေးကရော၊ ဧရာဝတီနဲ့ ပဲခူးဘက်ကပါ ရခိုင်ကို စစ်တပ်က ထိုးစစ်ဆင်လို့မရအောင် ကြိုကာပြီး ကစားတဲ့ပုံစံ။ စစ်တပ်ဘက်ကလည်း ရခိုင်ကို ထိုးစစ်ဆင်ဖို့ မပြောနဲ့ ရခိုင်နဲ့ထိစပ်မြို့တွေ ထပ်ပြီးအသိမ်းမခံရအောင် ပြန်ပြီး ခုခံနေတဲ့အခြေအနေမျိုး ဖြစ်သွားတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းအဖွဲ့တွေက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် အမ်း၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွနဲ့တောင်ကုတ်မြို့တို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီလို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အာဏာရှင်စစ်တပ်ရဲ့ ပဲခူးတိုင်း ကပစ ၁၆၊ ဧရာဝတီတိုင်းက အမှတ် ၃၄၄ အမြောက်တပ်ရင်းနဲ့ မကွေးတိုင်း အမ်း -ပဒါန်းလမ်းက ကပစ ၁၄ ကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း

ရေကြည်အမြောက်တပ် ၃၄၄ ကို AA နဲ့မဟာမိတ်တွေ ယာယီထိန်းချုပ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *