ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကနေဒီတောင်နှင့် အနီးတဝိုက်တွင် လင်းတငှက်များ ထူးခြားစွာ ကျက်စားသွားလာနေကြောင်း ဒေသခံနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ကလေးမြို့နှင့် တီးတိန်မြို့နယ်လမ်းပေါ်ရှိ ကနေဒီတောင်အနီးတဝိုက် နှင့် ဇောင်ကောင်ရွာတို့ဘက်တွင် ကျက်စားနေခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုအရင်က မလားဖူးဘူး ၊ အခုမှပဲ အုပ်စုလိုက်တွေ့ရတာ အကောင်ရေ ၄၀ ၊ ၅၀ လောက်ရှိမယ် ၊ နည်းနည်းတော့ကြာပြီ ၊ မိုင်းသံ ၊ သေနတ်သံ ကြားရင်ကို ထွက်လာကြတော့တာ” ဟု ဒေသတွင် လှုပ်ရှားနေသည့် CDF CDM – Siyin တာဝန်ရှိသူက ပြောသည်။
စစ်အုပ်စုတပ်က ဒေသတွင်ကျေးရွာများကို ဝင်ရောက်ပြီး အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်၍ အသားကောင်းနေရာများ လှီးဖြတ်ယူပြီး ကျန်အစိတ်အပိုင်းများကို စွန့်ပစ်ထားသဖြင့် ပုတ်ပွနေသော အကြွင်းအကျန်များကိုစားရန် လာရောက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
၎င်းအပြင် ယခုနှစ်သည် နွားနောက်များ အနာကျသဖြင့် သေဆုံးမှုများရှိနေပြီး ချင်းတပ်ဖွဲ့များနှင့် ဖြစ်ပွားသောတိုက်ပွဲအတွင်း သေဆုံးပျက်စီးခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင် အလောင်းများလည်း ရှိနေနိုင်ကြောင်း ချင်းတပ်ဖွဲ့တာဝန်ရှိသူ ပြောသည်။
“မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားတဲ့သူတွေအတွက် စိုးရိမ်တယ်” ဟု ခရီးသွား တဦးကလည်း လင်းတအုပ်ကို ဗီဒီယိုမှတ်တမ်းရိုက်ကူးပြီး လူမှုကွန်ရက်တွင် မေလ ၁၅ ရက်နေ့က ဝေမျှထားသည်။
အဆိုပါ မှတ်တမ်းဗီဒီယိုထဲတွင် ကားဖြင့် အနောက်က လိုက်လာချိန်တွင် လင်းတ ၁၀ကောင်ကျော်သည် မြေပြင်တွင်လမ်းလျှောက်အရှိန်ယူပြီး ပျံသန်းသွားသည်ကို တွေ့မြင်ရသည်။
လင်းတများသည် လူများကို တိုက်ခိုက်သည်ဟူသော အကြောင်းများ မကြားသိရသေးသော်လည်း လူနှင့် နီးကပ်စွာနေသောသတ္တဝါမဟုတ်သည့်အပြင် အလုံးအထည်ကြီးမားပြီး ၎င်းတို့ကို တိုက်မိပါက ပြန်လည်ရန်တုံ့ပြန်မည်ကို စိုးရိမ်၍ ယင်းသို့သတိပေးခြင်း ဖြစ်နိုင်ကြောင်း အခြားဒေသခံတဦးက မှတ်ချက်ပြုသည်။
လင်းတငှက်များသည် ရုပ်အလောင်းအကြွင်းအကျန်များကို စားသုံးပြီး သဘာဝပတ်ဝန်း ကျင်နှင့် လူများအပေါ်တွင် ကောင်းကျိုးပြုနေသည့် ငှက်မျိုးစိတ်ဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များကလည်း မှတ်ချက်ပြုသည်။
ပုတ်သိုးပျက်စီးနေသော အလောင်းများကို စားသုံးခြင်းဖြင့် ရောဂါမျိုးစုံပေါက်ဖွားပျံ့နှံ့ရာ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မိုနှင့် ကပ်ပါးပိုးများ) ပသိုဂျင်(Pathigen) များနှင့် အနံ့အသက်များကို ထိန်းချုပ်ပေးကြောင်း သိရသည်။
ပေ ၈,၀၀၀ ကျော်အမြင့်ရှိပြီး စစ်ရေးအရ အရေးပါသော ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကနေဒီတောင်ကို စစ်အုပ်စုတပ်က မေလ ၂ရက်နေ့မှစ၍ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကာ တိုက်လေယာဥ်များ ၊ ဒရုန်းများ အမြောက်အမြားအသုံးပြု ဗုံးကြဲခဲ့၍ မေလ ၅ ရက်နေ့က သိမ်းပိုက်ခဲ့သည်။
တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းများနှင့် စစ်ရေးတင်းမာမှုများကြောင့် ကလေး – တီးတိန်လမ်းမပေါ် ရှိ ကျေးရွာများဖြစ်သော မွာလ်ပီ ၊ ဗွန်ဆဲမ် ၊ ထေဇန် ၊ ဟဲင်ဇင်း ၊ သိုင်းငင်း ၊ ဆွာလင်မ်၊ ဘီကန် ၊ ဇောင်ကောင် ၊ နယူးဆွမ်ပီ ၊ ဗာလုန် နှင့် အိုက်လွယ် ကျေးရွာမှ ဒေသခံ ၂,၀၀၀ နီးပါး စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ရုပ်သံ – ကလေး – တီးတိန် ကားလမ်းမပေါ်တွင် အုပ်စုဖွဲ့ပျံသန်းနေသော လင်းတများ(တွန်ပူ လူမှုကွန်ရက်) ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ကလေး – တီးတိန်လမ်း မပေါ်ရှိ ကနေဒီတောင်နှင့် အနီးတဝိုက်တွင် လင်းတငှက်များ ထူးခြားစွာ ကျက်စားသွားလာနေကြောင်း ဒေသခံနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များထံကသိရသည်။


Leave a Reply