စစ်မှုထမ်းဥပဒေနောက်ကွယ်မှ ကလေးသူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးလာတဲ့ ဖြစ်စဥ်များ
မြန်မာနိုင်ငံတစ်ဝှမ်းမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်များကို အဓမ္မဖမ်းဆီးပြီး၊ မှတ်ပုံတင်အတုများ ပြုလုပ်ကာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းထဲသွင်းရန် ရောင်းစားနေတဲ့ ဖြစ်စဉ်များ မြေပြင်မှာ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။
မကြာသေးမီက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု၌ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး လမ်းမှာ အဓမ္မဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ထိုကလေးကို အသက်ပြည့်ပြီးသားဖြစ်ကြောင်း သက်သေပြရန်အတွက် မှတ်ပုံတင်အတု ပြုလုပ်၍ စစ်မှုထမ်းထဲသွင်းရန် ရောင်းစားခဲ့ခြင်း ဖြစ်တယ်လို့ ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
ယခုဖြစ်စဉ်မှာ မိဘများက အချိန်မီ လိုက်လံစုံစမ်းနိုင်ခဲ့ခြင်းကြောင့် ကလေးငယ်မှာ မိဘလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း၊ အများစုမှာ မိသားစုနဲ့ အဆက်အသွယ် လုံးဝမရတော့ဘဲ စစ်သင်တန်းကျောင်းများသို့ ရောက်ရှိသွားကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်များထံက သိရပါတယ်။

“ကျနော်တို့ ရပ်ကွက်ထဲက လူငယ်တစ်ချို့ဆို သူတို့လမ်း သူတို့အိမ်ရှေ့လမ်းမှာပဲ စစ်တပ်က ဖမ်းတာခံလိုက်ရတယ်။ ခုထိ သူတို့ ဘယ်ရောက်သွားမှန်းမသိတဲ့ ကိစ္စတွေ ခဏခဏဖြစ်တယ်။ ဟိုနေ့ကဆိုလည်း ကောင်လေးတစ်ယောက် သူအိမ်ရှေ့မှာ ညဘက်ရပ်နေတာကို စစ်တပ် အရပ်ဝတ်နဲ့ ဝင်ဖမ်းသွားတာ ခုထိ သူမိသားစုက အဆက်အသွယ်မရသေးဘူးလို့ မင်္ဂလာတောင်ညွန်မြို့နယ်က လူငယ်တစ်ဦးက ပြောပြပါတယ်။
စစ်မှုထမ်းရန် လူလိုနေတဲ့အချိန်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပျူစောထီးတွေ လူမိုက်တွေနဲ့ ပေါင်းပြီ လမ်းဘေးမှာ သွားလာနေတဲ့ ကလေးငယ်တွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးများကို ပစ်မှတ်ထား ဖမ်းဆီးခေါ်ဆောင်ကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“အုပ်ကြီးတွေက ရပ်ကွက်ထဲ စစ်မှုထမ်းထဲ လူထည့်ဖို့ မရှိဖူးဆိုရင် ညအချိန်ထွက်တဲ့ လူငယ်တွေကို ဖမ်းတာရှိတယ် ။ လမ်းဘေးမှာ တောင်းစားတဲ့ ကလေးတွေနဲ့ အိမ်ခြေရာမဲ့တွေကို ဖမ်းပေးရတာရှိတယ်။ ဒါကြောင့် ညဘက်ဆို လူငယ်တွေ တော်ရုံ အပြင်မထွက်တော့ဖူး” လို့ တာမွေမြို့နယ်နေ လူငယ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မပြည့်ပါက စစ်ထဲသွင်းလို့ မရတာကြောင့် လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးအချို့နဲ့ ပူးပေါင်းကာ အသက်နဲ့ မွေးသက္ကရာဇ်များကို လိမ်လည်ပြီး မှတ်ပုံတင်အတု သို့မဟုတ် အထောက်အထားအတုများကို ပြုလုပ်ကြပြီး အာဏာသိမ်း စစ်တပ်အလိုကျ စစ်မှုထမ်းထဲ ထည့်သွင်းပေးနေတာတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ထိုသို့ အထောက်အထားအတု ပြုလုပ်ပြီးပါက စစ်မှုထမ်းရန် လူဦးရေပြည့်မီအောင် တောင်းဆိုနေတဲ့ ဒေသများ သို့မဟုတ် မိမိတို့ သားသမီးများ စစ်ထဲမလိုက်လိုသဖြင့် ငွေကြေးပေး၍ “လူစားထိုး” ရှာဖွေနေတဲ့ ငွေကြေးချမ်းသာသူများထံသို့ ထိုကလေးများကို ငွေကြေးအမြောက်အမြား ရယူကာ လွှဲပြောင်းရောင်းစားပစ်ကြခြင်း ဖြစ်ပါတယ်။
ဒါဟာ သာမန် စစ်မှုထမ်းခေါ်ယူခြင်းမျိုး မဟုတ်တော့ဘဲ၊ စည်းကမ်းမဲ့ ငွေကြေးရှာဖွေလိုမှုအပေါ် အခြေခံပြီး ကလေးသူငယ်များကို ကုန်ပစ္စည်းတစ်ခုလို လိမ်လည် စာရွက်စာတမ်းပြုလုပ်ကာ အရောင်းအဝယ်လုပ်နေတဲ့ “ခေတ်သစ်လူကုန်ကူးမှု” ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
မေလ ၁၅ ရက်နေ့ကလည်း ရန်ကုန်မြို့ တာမွေမြိုနယ်မှာ အသက် ၁၀ နှစ်နဲ့ ၈ နှစ်အရွယ်ရှိ ကလေးငယ်နှစ်ဦးမှာ သူငယ်ချင်းဖြစ်သူများကို လိုက်လံပို့ဆောင်ပြီး အိမ်အပြန်လမ်းမှာ ကားတစ်စီးနဲ့ လူလေးဦးက “နင်တို့ဘယ်သွားမလို့လဲ၊ ကားပေါ်တက်” လို့ဆိုကာ အတင်းအဓမ္မ ဆွဲခေါ်ခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
ကလေးငယ်များရဲ့ ပြောပြချက်အရ ကားပေါ်မှာ တစ်ဦးထိုင်နေပြီး ကျန်သုံးဦးမှာ လမ်းတစ်ဖက်မှ လျှောက်လာကာ ၎င်းတို့အနားကို ချဉ်းကပ်လာခြင်းဖြစ်ကြောင်း၊ လူစည်ကားရာလမ်းနဲ့ နီးကပ်တဲ့ နေရာမှာ အခုလို ဗြောင်ကျကျ ဖမ်းဆီးဖို့ ကြိုးပမ်းမှုအပေါ် မိဘပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိပါတယ်။
ရန်ကုန်မြို့နေ မိဘတစ်ဦးကလည်း “လက်ရှိ ရန်ကုန်မှာ လူပျောက်ကြေညာချက်များ မကြာခဏတွေ့နေရပြီး အခုဖြစ်စဉ်မှာ ကလေးများ ထိခိုက်မှုမရှိပေမဲ့လည်း အခြားကလေးငယ်များအတွက် စိုးရိမ်ရတယ်”လို့ ပြောပါတယ်။
အဆိုပါ ကလေးသူငယ်များအား အကြမ်းဖက် ဖမ်းဆီတာတွေအပြင် မှတ်ပုံတင်အတုပြုလုပ်ကာ စစ်မှုထမ်းထဲ အကြမ်းဖက်ခေါ်ယူနေတဲ့ ဖြစ်စဉ်များ ရှိနေချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က လဝကဌာနရဲ့ အချက်အလက်များကို အခြေခံပြီး လူငယ်များရဲ့ စာရင်းကို မှတ်ပုံတင်ရန် နိုင်ငံတစ်ဝှမ်း ညွှန်ကြားထားပါတယ်။
မေလ ၁၄ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ထွန်းအောင်က နယ်မြေအလိုက် အင်အားအချက်အလက်အမှန် ရရှိရေးအတွက် လဝကဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
မြေပြင်မှာလည်း စစ်ကိုင်းမြို့ပေါ် ရပ်ကွက်အချို့၌ ပြီးခဲ့တဲ့ ဧပြီလအတွင်းက အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ကြားရှိသူ ကလေးငယ်များကို မှတ်ပုံတင်များ လိုက်လံပြုလုပ်ပေးခဲ့ပြီး၊ စစ်မှုထမ်းရမယ့် စာရင်းများကို ရပ်ကွက်များအတွင်း လိုက်လံကပ်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရပါတယ်။
ထိုသို့ စာရင်းပြုစုခံထားရသူများကို အလှည့်ကျစနစ်ဖြင့် နေအိမ်များအထိ လိုက်လံခေါ်ဆောင်ကာ စစ်မှုထမ်းရန် ဆင့်ခေါ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့ကာကွယ်ရေးနဲ့ လုံခြုံရေးရာအင်စတီကျု MDSI ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှစပြီး ၂နှစ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၀) အထိ ပေးခဲ့ပြီးဖြစ်ကာ သင်တန်းဆင်း စစ်သား တစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။
သို့သော် စစ်မှုထမ်း အပတ်စဉ် ၁ မှာ အင်အား ၅၁၀၀ ကျော် ရှိခဲ့တဲ့အနက် လက်ရှိမှာ နေရပ်သို့ ပြန်လာနိုင်သူ အရေအတွက်မှာ ၂၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း MDSI ရဲ့ အချက်အလက်များက ဖော်ပြနေပါတယ်။
မြေပြင်အခြေအနေများနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အချက်အလက်ကောက်ယူမှုများ ရှုပ်ထွေးနေတဲ့အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့ရဲ့ အသက်မပြည့်သေးတဲ့ သားသမီးများကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းနဲ့ အကယ်၍ မိမိတို့ သားသမီးများ ပျောက်ဆုံးသွားပါက ရပ်ကွက်ရုံးများမှာသာမက ရဲစခန်းနဲ့ နီးစပ်ရာ စစ်သင်တန်းကျောင်းများအထိ အချိန်မီ လိုက်လံစုံစမ်းကြရန် လိုအပ်လျက် ရှိကြောင်း ဒေသခံတွေက အသိပေးမျှဝေနေကြပါတယ်။
ရုပ်သံ – လူမှုကွန်ရက်
(ယခုရုပ်သံထဲက ဖြစ်စဉ်ကတော့ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးငယ်ကို မှတ်ပုံတင်အတုနဲ့ စစ်ထဲသွင်းဖို့ ရောင်းစားခဲ့ပေမယ့် မိဘတွေက အချိန်မီ လိုက်လံစုံစမ်းနိုင်ခဲ့လို့ ကလေးဟာ မိဘလက်ထဲ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ပြန်လည်ရောက်ရှိလာချိန်မှာ ဆရာတော်တစ်ပါးက အသက်မပြည့်သေးတဲ့ ကလေးကို အဓမ္မစစ်ထဲသွင်းဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်အပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆုံးမနေတာကို တွေ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။)
AAMIJ


Leave a Reply