အလုပ်ရခဲ့သည့်အတွက် အကသမားများငှားပြီး နတ်ကွန်းရှေ့၌ ကပြ

ထိုင်းအမျိုးသမီးတစ်ဦး အလုပ်ရခဲ့သည့်အတွက် အကသမားများငှားပြီး နတ်ကွန်းရှေ့၌ ကပြ

ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ အမျိုးသမီးတစ်ဦးသည် ဆေးရုံတွင် အလုပ်အသစ် ရရှိသွားခြင်းအား အောင်ပွဲခံသည့်အနေဖြင့် ဒေသခံနတ်ကွန်းတစ်ခု၏ ရှေ့တွင် အကသမားများနှင့် အသံချဲ့စက်ကားကြီးကို ငှားရမ်းကာ ကပြဖျော်ဖြေပူဇော်ခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာ၌ ရေပန်းစားလျက်ရှိသည်။

ချာချိုးဆောင်းခရိုင် (Chachoengsao)၊ သာတာကီယပ်မြို့နယ် (Tha Takiap) ရှိ “ပူးဘွန်မာနှင့် ယာဘူမီ (Pu Bunma and Ya Bumi)” နတ်ကွန်းတွင် မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေနေသည့် အဆိုပါ ဗီဒီယိုဖိုင်များသည် မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး ဒေသခံလူမှုကွန်ရက် အသုံးပြုသူများအကြား အထူးစိတ်ဝင်စားခြင်း ခံခဲ့ရသည်။

သီတာရတ် (Thidarat) နှင့် ၎င်း၏ ညီမဖြစ်သူ မနွန်း (Noon) တို့၏ ပြောပြချက်အရ ဤအောင်ပွဲခံ ကပြပူဇော်မှုသည် ယခင်က အလုပ်လက်မဲ့ဖြစ်နေသည့် အစ်မဖြစ်သူ ဆေးရုံတစ်ခုတွင် အလုပ်လျှောက်ထားစဉ်က ပြုလုပ်ခဲ့သည့် ကတိကဝတ် (အဓိဋ္ဌာန်) အတိုင်း လာရောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ညီအစ်မနှစ်ဦးသည် ဆေးရုံတွင် အလုပ်ရရှိပြီဖြစ်ကြောင်း သိရှိရပြီးနောက် ကတိကဝတ်ကို တည်စေရန်အတွက် နောင်ပရူးကန်ရန် (Nong Prue Kanyan) ကျေးရွာရှိ နတ်ကွန်းသို့ မိသားစုနှင့်အတူ ပြန်လည်လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

အစ်မဖြစ်သူသည် ပျော်ပျော်နေတတ်သည့် လူတစ်ဦးဖြစ်ပြီး၊ အကယ်၍ အလုပ်ရရှိခဲ့ပါက နတ်ကွန်းရှိ နတ်မင်းများ ကြိုက်နှစ်သက်သည့် ပြုတ်ထားသော ဝက်ခေါင်း ၄ ခု၊ ကြက်ပြုတ် ၄ ကောင် ၊ အရက်ဖြူနှင့် ရိုးရာမုန့်ဟင်းခါး (သို့မဟုတ်) ရိုးရာခေါက်ဆွဲများဖြင့် လာရောက်ပူဇော်ပါမည်ဟု ကတိပြုခဲ့ကြောင်း ညီမဖြစ်သူ မနွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက အလုပ်ရရှိပါက ကိုယိုတီအကသမားများကို ငှားရမ်း၍ ၄ နာရီကြာ ကပြဖျော်ဖြေပါမည်ဟုလည်း ကတိကဝတ်ပြုခဲ့ကြောင်း ဆိုသည်။

၎င်းတို့၏ အောင်ပွဲခံပွဲသို့ သူငယ်ချင်းများနှင့် ဆွေးမျိုးများလည်း လာရောက်ပူးပေါင်း ဆင်နွှဲခဲ့ကြပြီး၊ အားပါးတရ အင်တိုက်အားတိုက် ကပြနေသည့် အဆိုပါ အကဖျော်ဖြေမှု ဗီဒီယိုတိုများသည် အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ရေပန်းစားသွားခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *