စစ်တပ်က တပ်မ ၄ ခုအထိသုံးပြီး ဆိပ်ဖြူနယ်က ကပစ စက်ရုံတွေ အင်အားဖြည့်နေ

စစ်တပ်က တပ်မ ၄ ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)နဲ့ မိတ္ထီလာမြို့ အခြေစိုက် တပ်မ(၉၉)ကနေလာတဲ့ယာဥ်တန်းတွေ ဟာ မေလ ၁၆ ရက်က ဆိပ်ဖြူမြို့နယ်ကို ဦးတည်ဝင်ရောက်နေတာလို့ ဆိုပါတယ်။

“အရင်ဝင်ထားပြီးသားနဲ့ အခုဝင်လာတာဆိုရင် တပ်မ ၅၅ ၊ ၈၈ ၊ ၉၉ ၊ ၁၀၁ စုစုပေါင်းအင်အား ၁၅၀၀ လောက်ပါတယ်”လို့ ဆိပ်ဖြူအခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တပ်မ(၁၀၁)ကလာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ယာဥ်တန်းဟာ ဆိပ်ဖြူ ကပစ(၂၂)ကို ဝင်ရောက်နေပြီး မိတ္ထီလာမြို့ဘက်ကလာတဲ့ တပ်မ(၉၉)ယာဥ်တန်းက ဆိပ်ဖြူမြို့တဖက်ကမ်း ချောက်မြို့နယ်ကို ရောက်နေတယ်လို့ အသိပေးပါတယ်။

“ပေါက်နဲ့ ဆော ကြားမှာ တိုက်ပွဲ က ပြင်းထန်တုန်းပဲ။အဲဒီကို ထု နဲ့ ဆက်ဖြည့်မလား။ ဒါမှမဟုတ် ပထမ လမ်းကြောင်းအတိုင်း လောင်းရှည် ကပစ ၂၅ က အင်အားထပ်ခွဲမလားဆိုတာ တော့ စောင့်ကြည့်ရမယ်”လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု မေလဆန်းပိုင်းကစပြီး မန္တလေးတိုင်းက စစ်တပ်အမာခံနယ်မြေတွေဖြစ်တဲ့ ပြင်ဦးလွင်နဲ့ ကျောက်ပန်းတောင်းမြို့နယ်ကနေတဆင့် အင်အားအများအပြားပါတဲ့ ယာဥ်တန်းတွေဟာ မကွေးတိုင်းအတွင်း ဝင်ရောက်ခဲ့ပါတယ်။

စစ်တပ်ယာဥ်တန်းအများစုဟာ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေဖြစ်တဲ့ ကပစ (၂၁)နဲ့ ကပစ (၂၂)ကို ဦးတည်ပြီး ကနဦးစုဖွဲ့ခဲ့ပါတယ်။

အဲဒီနောက် ပေါက်မြို့နယ်ထဲက ကပစ (၂၄)ကို မေ လ ၈ ရက်မှာ ရောက်ရှိခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းမှာ တပ်မ (၉၉)နဲ့ ခမရ-၅၇၃၊ ၅၇၂၊ ၃၁၆ တပ်ရင်းတွေပါဝင်ပြီး ဗိုလ်မှူးစိုးသူရက ဦးဆောင်တယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားတွေက ထွက်ဆိုထားပါတယ်။

ကပစ (၂၄)က စစ်တပ်စစ်ကြောင်းက မေလ ၁၁ ရက်မှာ ပေါက်-ကျောက်ထု(ဆောမြို့နယ်)လမ်းပိုင်းကို စတင်ထိုးစစ်ဆင်လာခဲ့သလို တပြိုင်တည်းမှာပဲ လောင်းရှည်မြို့မှာ ရှိတဲ့ ကပစ(၂၅)က စစ်ကြောင်းလည်း ဆောမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာပါတယ်။

ကပစ (၂၅) စစ်ကြောင်းအင်အားတွေကို ဆိပ်ဖြူမြို့နယ် ကပစ ( ၂၁)က ပို့ခဲ့တာလို့ မြေပြင် စစ်ဘက်သတင်းထောက်လှမ်းနေသူတချို့က အတည်ပြုပါတယ်။

လောင်းရှည်မြို့က တက်လာတဲ့ စစ်တပ်စစ်ကြောင်းက မေလ ၁၄ရက်မှာ ဆောမြို့ကိုဝင်ရောက်ခဲ့ပြီး မြို့အနှံ့ တပ်ဖြန့်ထားသလို ဖမ်းဆီးခံရတဲ့ အရပ်သားနှစ်ဆယ်ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်စစ်ကြောင်းက ပေါက်-ကျောက်ထုလမ်း ပိုင်းပေါ်က တပြင်းကျေးရွာမှာ တပ်စွဲထားပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။

ကုန်းကြောင်းနဲ့ လေကြောင်းပစ်ကူသာလွန်အင်အားတွေ အသုံးပြုပြီး ဆောမြို့နယ်ဒေသထဲက ကျောက်ထုမြို့-ဆော မြို့တွေကိို စစ်တပ်က စီမံချက်နဲ့ ဝင်လာတာလို့ ဆောမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ စစ်ရေးရည်မှန်းချက်တွေအရ ဂန့်ဂေါခရိုင် -ချင်းပြည်နယ်-ရခိုင် ပြည်နယ် အထိ ဆက် စပ်နေတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်ချင်တာလို့ ဒေသတွင်းစစ်ရေးတာဝန်ရှိသူတွေက ယူဆပါတယ်။

တဆက်တည်းမှာပဲ ဆိပ်ဖြူမြို့နယ်ထဲက ကုန်စည်စီးဆင်မှုတွေ ကို ထိန်းချုပ်တာ နဲ့ ဆိပ်ဖြူမြို့မြောက်ဘက်ခြမ်းက ဆိပ်ဖြူ-ပခုက္ကူလမ်းပိုင်း စိုးမိုးဖို့ မြစ်ခြေမြို့ အနီးတဝိုက်ရွာတွေကို ညောင်ဦးအခြေစိုက် ခမရ-၄၁၅တပ်ရင်းနဲ့ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)တို့ပူးပေါင်းပြီး စစ်ကြောင်းထိုးမီးရှို့နေပါတယ်။

(အာဏာသိမ်းစစ်တပ်က စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *