ချောင်းဦးနှင့် မြင်းမူတို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်

ချောင်းဦးနှင့် မြင်းမူတို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

မေလ ၂၇ ရက်နေ့တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်း ဘုန်းမကြီးကင်းရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၁ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ချောင်းဦးမြို့နယ်တွင်လည်း ဇွန်လ ၂ ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက မှန်ချိုရွာ‌ တောင်ဘက်နှင့် ဆင်မြေကျေးရွာအနီးတို့တွင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၃၃ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကြောင်းသည် ချောင်းဦးမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ထို ချောင်းဦးမြို့နယ် အတွင်းဖြစ်ပွားသော တိုက်ပွဲများ၌ စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

” ကျနော်တို့ တိုက်ပွဲကို အဆုံးထိ ဆက်လက် တိုက်ခိုက်သွားပါ့မယ်။ စစ်ခွေးစစ်ကြောင်းက ဘုန်းမကြီးကင်းရွာ တိုက်ပွဲမှာ စစ်ခွေး ၁၁ ကောင်သေဆုံးပြီးတော့ ချောင်းဦးတိုက်ပွဲမှာတော့ စစ်ခွေး ၃၃ ကောင်လောက်သေဆုံးပါတယ်” ဟု BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ဗမာလွတ်မြောက်ရေး တပ်ဦး BLDF အညာမိုင်း စစ်ဒေသ ၃ အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *