ဝန်ကြီးရှောင်တခင် စစ်ဆေးမယ့်သတင်းကြောင့် ကားတိုင်းကို ရဲတွေ အလေးပြု

စစ်ဆေးရေးဂိတ်တွေကို ဝန်ကြီးရှောင်တခင် စစ်ဆေးမယ့်သတင်းကြောင့် ကားတိုင်းကို ရဲတွေ အလေးပြု

ငွေတောင်းကြမ်းတဲ့ စစ်ဆေးရေးဂိတ်တွေကို စစ်အုပ်စုခန့် ပြည်ထဲရေးဝန်ကြီးက ရှောင်တခင် ဝင်စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့် စစ်ဆေးဂိတ်က ရဲများအားလုံး ကားတိုင်းကို အလေးပြုနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ ယာဉ်မောင်းနဲ့ ခရီးသည်တွေအပေါ် ဆဲဆိုတာ၊ ငွေတောင်းကြမ်းတာတွေကြောင့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ရှောင်တခင်စစ်ဆေးမယ့် သတင်းကြောင့် အခုလို အလေးပြုတာလို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“စစ်ဆေးရေးဂိတ်က ရဲတွေ ပိုက်ဆံတောင်းတဲ့သတင်းကို ပြည်ထဲရေးက သိသွားပြီး ဝန်ကြီးက အရပ်ဝတ်နဲ့ ဝင်စစ်မယ်ဆိုလို့ ဘယ်ကားနဲ့လာမှန်းမသိလို့ ကားတိုင်းကို အလေးပြုတာ။ နေပြည်တော်က ဂိတ်တွေဆို ၁၃ ရက်ကတည်းက တွေ့တဲ့ကားတိုင်း အလေးပြုတာ။ အခု ဝန်ကြီးမလာဘူးဆိုတာ သိလို့ အလေးမပြုတော့ဘူး။ ပိုက်ဆံလည်း ပုံမှန်အတိုင်းပဲ ပေးရတယ်” လို့ ပြောပါတယ်။

မေလ ၁၄ ရက်စ၍ ပဲခူးတိုင်း၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ရဲတွေက ခရီးသွားပြည်သူများကို အလေးပြုကာ ချိုသာယဉ်ကျေးစွာ ဆက်ဆံပြီး ငွေကြေးတစ်ပြားမှ မတောင်းသော်လည်း ဒီကနေ့ မနက်ကစပြီး ပုံမှန်အတိုင်း ပိုက်ဆံပြန်တောင်းနေတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

“၁၄ ရက်က ညောင်ခါးရှည်ဂိတ်ကို ဖြတ်တော့ အရင်လိုထင်လို့ ၂,၀၀၀ ပေးလိုက်တာ၊ ဒုရဲအုပ်တစ်ယောက် ရောက်လာပြီး အလေးပြုပြီး အစ်မ ပိုက်ဆံပေးစရာမလိုပါဘူး၊ တောင်းတဲ့သူတွေကိုလည်း တိုင်လို့ရတယ်ခင်ဗျ၊ စာတွေလည်း ကပ်ထားတယ်လို့ ပြောတယ်။ ရဲတပ်သားတစ်ယောက်က ဗီဒီယိုရိုက်တယ်။ ဒီနေ့ ညောင်ခါးရှည်ဂိတ်ဖြတ်တော့ အရင်လို ၂,၀၀၀ မဟုတ်ဘူး၊ ရဲ ၂ ယောက်ကို ၄,၀၀၀ ပေးရတယ်။ တိုင်ကြားလို့ရပါတယ်ဆိုတဲ့ ဗီနိုင်းလည်း မတွေ့တော့ဘူး” လို့ ပြောပါတယ်။

ကလော-သာစည်လမ်းမှာရှိတဲ့ ကျွဲတပ်လမ်းဆုံစစ်ဆေးရေးဂိတ်မှာလည်း မေလ ၁၅ ရက်က ယာဉ်မောင်းနဲ့ ခရီးသည်များကို ရဲများက အလေးပြုပြီး ချိုသာယဉ်ကျေးစွာ ဆက်ဆံပေမယ့် ဒီနေ့မှာတော့ ပုံမှန်အတိုင်းပဲ ဆက်ဆံတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“ကျွဲတပ်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ ၁၅ ရက်က ရဲတွေက ယာဉ်မောင်းကို အလေးပြုပြီး အစ်ကိုလေး လမ်းဆင်းလျှောက်ပါဗျ၊ X-ray စက်က ဓာတ်ရောင်ခြည်သင့်လို့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့ ပြောတယ်။ ဒီနေ့ကျတော့ ခင်ဗျားက ဘာလို့ လမ်းဆင်းလျှောက်မှာလဲ၊ စစ်ဆေးနေတာ မမြင်ဘူးလားဆိုပြီး အော်ပြောတယ်” လို့ ​ပြောပါတယ်။

မြို့နယ်တိုင်းက စစ်ဆေးရေးဂိတ်က ရဲတွေ ယာဉ်မောင်းတွေကို အလေးပြုပြီး ချိုသာယဉ်ကျေးစွာ ပြောဆိုနေပေမယ့် ဧရာဝတီတိုင်းအထွက်၊ ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ်က ရဲတွေနဲ့ စစ်သားတွေကတော့ ပုံမှန်အတိုင်း ဆဲဆိုကြိမ်းမောင်း ငွေကြေးတောင်းခံနေဆဲလို့ ခရီးသွားလာသူတွေက မှတ်ချက်ပေးပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *