ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကာမကြံစည်သူနှင့် အမှုဖျောက်ထားသည့် အုပ်ချုပ်ရေးမှူး

ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကာမကြံစည်သူနှင့် လာဘ်ငွေယူကာ အမှုဖျောက်ထားသည့် သဲဖြူကျေးရွာအုပ်ချုပ်ရေးမှူးအား ပြည်သူများမကျေနပ်ဖြစ်နေ

​ဧရာဝတီတိုင်း ၊ပုသိမ်ခရိုင် ၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ဥယျာဉ်ကုန်းကျေးရွာတွင် အသက် (၂၀) အရွယ် (၅) လသား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ကာမကြံစည်မှု ဖြစ်ပွားခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူက ငွေကြေးရယူကာ အမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ လာဘ်စားနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

​၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် လင်ယောက်ျားဖြစ်သူ အိမ်တွင်မရှိခိုက် ဟင်းရွက်ခူးနေစဥ် အခွင့်ကောင်းယူ၍ တစ်ရွာတည်းနေ ဖိုးချိုဆိုသူက အမျိုးသမီး၏ ဘောင်းဘီအားချွတ်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

​ဘေးဒုက္ခရောက်နေသည့် အမျိုးသမီးက မိမိတွင် လင်ယောက်ျားရှိကြောင်းနှင့် (၅) လသား ကိုယ်ဝန်လွယ်ထားရပါသဖြင့် မပြုလုပ်ရန် ငိုယိုတောင်းပန်ခဲ့သော်လည်း တရားခံ ဖိုးချိုက အတင်းအဓမ္မ ပြုကျင့်ရန် ထပ်မံကြိုးစားခဲ့သည်။

အမျိုးသမီးဖြစ်သူမှ အသက်လုကာ အတော်ကြာ ရုန်းကန်နေရစဥ်အတွင်း ဘဏ်မှ ငွေထုတ်ပြီး ပြန်လာကြသော ဆိုင်ကယ်သံများကို ကြားလိုက်ရသဖြင့် တရားခံ ဖိုးချိုမှာ အဓမ္မပြုကျင့်မှု အထမမြောက်ဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။

​အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်နစ်နာခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဆယ်အိမ်ခေါင်း မစန်းညွန့်နှင့်အတူ သဲဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကိုမြင့်ထံသို့ ဖြစ်ပွားသည့်နေ့၌ပင် ချက်ချင်း သွားရောက်တိုင်တမ်းခဲ့သည်။

​သို့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုမြင့်သည် အမှုဖွင့်တိုင်ချက်ဖွင့်ပေးရန်အတွက် ငွေကျပ် ၂၀,၀၀၀ (နှစ်သောင်း) အား တောင်းခံရယူခဲ့ပြီးနောက်၊ ယနေ့ မေလ ၁၈ ရက်နေ့အထိ ရဲတပ်ဖွဲ့အား ခေါ်ယူစစ်ဆေးခြင်း သို့မဟုတ် ထိရောက်စွာ အမှုဖွင့်လှစ်ပေးခြင်းမျိုး လုံးဝပြုလုပ်ပေးခြင်းမရှိဘဲ အမှုအား ဖုံးကွယ်ထားကြောင်း သိရသည်။

​တရားခံ ဖိုးချိုဆိုသူမှာ ယခင်ကတည်းက ရွာအတွင်း ခိုးမှုများနှင့် ဤကဲ့သို့သော ကိုယ်ကျင့်တရားပျက်ပြားသည့် ပြစ်မှုမျိုးကို မကြာခဏ ကျူးလွန်လေ့ရှိသူဖြစ်ပြီး ယခုတိုင် ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်လုံး ဒီလောက်ထိ စော်ကားခံရတာကို ရွာအုပ်ချုပ်ရေးမှူးက ပိုက်ဆံယူပြီး ငြိမ်နေတယ်။ ဘာမှလည်း လုပ်မပေးဘူး။ မြို့နယ်ရုံး သွားဖို့လည်း မတတ်နိုင်လို့ အုပ်ကြီးလာတိုင်တာ ၂၀၀၀၀ တောင်းပြီး ငြိမ်နေတယ် ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

​သို့ဖြစ်ပါ၍ မတရားမှုကို လာဘ်ငွေယူကာ အရေးမယူဘဲ အဂတိလိုက်စားနေသည့် သဲဖြူကျေးရွာအုပ်ချုပ်ရေးမှူး ကိုမြင့်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအား စော်ကားခဲ့သည့် တရားခံ ဖိုးချိုတို့အား ကျေးရွာနေပြည်သူများမှ မကျေနပ်ကြကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *