ကျောက်တော်နှင့် ဘူးသီးတောင်တွင် သက်ငယ် အဓမ္မပြုကျင့်မှုဖြစ်ပွား

(ရခိုင်တွင် ၅ လအတွင်း အဓမ္မပြုကျင့်မှု ၈ ခုဖြစ်ပွား၊ သက်ငယ်အဓမ္မပြုကျင့်မှု ၇ ခုပါဝင်)

ရခိုင်ပြည် ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အမျိုးသမီးငယ် ၃ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရပြီး တရားခံတစ်ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်အတွင်းက ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနှင့် အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးတို့မှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ၎င်းတို့နှစ်ဦးမှာ ညီအစ်မများဖြစ်ကြသည်။

အဆိုပါ ညီအစ်မ အမျိုးသမီးငယ် ၂ ဦးကို အသက် ၄၀ ကျော်အရွယ် မောင်အေးလှဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

ကျောက်တော်လူငယ်များအစည်းအရုံး KTYA က အဓမ္မပြုကျင့်မှုဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွတ်ရှုတ်ချထားပြီး တရားခံကို အမြန်ဆုံးဖမ်းဆီးကာ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေးရန် ယမန်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

ကလေးသူငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာဟာ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ KTYA က ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျူးလွန်သူ တရားခံကို အမြန်ဆုံးဖမ်းဆီးပြီး ထိရောက်ပြင်းထန်တဲ့ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ပေးဖို့နဲ့ နစ်နာသူ ကလေးငယ် မိသားစုအတွက် ထိုက်တန်တဲ့ တရားမျှတမှု အပြည့်အဝ ဖော်ဆောင်ပေးဖို့ ကျောက်တော်လူငယ်တွေက တောင်းဆိုကြပါတယ်။

“ကလေးသူငယ်တွေအပေါ်မှာ အဲဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာဟာ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးပြီး ထိရောက်ပြင်းထန်တဲ့ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေးဖို့နဲ့ နစ်နာသူကလေးငယ် မိသားစုအတွက် ထိုက်တန်တဲ့ တရားမျှတမှု အပြည့်အဝဖော်ဆောင်ပေးဖို့ ပြတ်သားစွာ တောင်းဆိုပါတယ်” ဟု ကျောက်တော်လူငယ်များအစည်းအရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေရခြင်းသည် မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်နှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတိုက်ဖျက်ရေး ယန္တရားများကို ပိုမို အားကောင်းလာစေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ပြသနေသည်ဟုလည်း ကျောက်တော်လူငယ်များက ပြောကြားထားကြသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဘူးသီးတောင်မြို့နယ် မြို့မစေတီတောင်ကျေးရွာတွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ကျူးလွန်သူမှာ အသက် ၅၆ နှစ်အရွယ် ဦးရွှေသန်းမောင် ဖြစ်ကြောင်း အာရက္ခတပ်တော် ရဲတပ်ဖွဲ့မှ ယမန်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

ဦးရွှေသန်းမောင်ကို အာရက္ခတပ်တော် ရဲတပ်ဖွဲ့မှ မေလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ – ၃၇၆ အရ တရားစွဲဆို အရေးယူသွားမည်ဟု သိရသည်။

ကျောက်တော်၊ ဘူးသီးတောင် အပါအဝင် မြောက်ဦး၊ ပေါက်တော၊ မောင်တော၊ ဂွနှင့် သံတွဲမြို့တို့တွင် ၂၀၂၆ ခုနှစ် ၅ လအတွင်း သက်ငယ် အဓမ္မပြုကျင့်မှု ၇ ခုအပါအဝင် အဓမ္မပြုကျင့်ခံရမှု စုစုပေါင်း ၈ ခုအထိ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

မေလ ၁ ရက်နေ့က ဂွမြို့နယ် ကြွီချိုင်ကျေးရွာတွင် အသက် ၂၅ နှစ်အရွယ် မွေးရာပါ ပိုလီယိုရောဂါခံစားနေရသူ အမျိုးသမီး ၁ ဦးကို တစ်ရွာတည်းနေ ကိုင/အောင်နှင့် ကိုစည်သူဝင်းတို့က အဓမ္မပြုကျင့်ခဲ့သည်။

အဓမ္မပြုကျင့်မှု ကျူးလွန်သော အသက် ၃၇ နှစ်အရွယ် ကိုင/အောင်နှင့် အသက် ၃၈ နှစ်အရွယ် ကိုစည်သူဝင်းတို့ကို အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ အသက် ၆၀ အရွယ် ဦးသင်္ခါကျော်က လိမ်လည်ခေါ်ယူ၍ အဓမ္မပြုကျင့်ခဲ့သည်။

ကျူးလွန်သူ ဦးသင်္ခါကျော်အား အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့တွင်လည်း ဧပြီလ ၁၁ ရက်က အသက် ၁၃ နှစ်အရွယ် မသန်စွမ်းမိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ မိန်းကလေးငယ်၏ ရုပ်အလောင်းကို ဧပြီ ၁၅ ရက်နေ့တွင်မှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်၍ သံသယရှိသူ ငါးဦးကို ဖမ်းဆီးထားသော်လည်း အချို့မှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။

သံတွဲမြို့က သက်ငယ် အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မတ်လ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ် ကလေးငယ် အမျိုးသမီး ၁ ဦးကို တစ်ရွာတည်းနေ အသက် ၁၃ နှစ်အရွယ် လူငယ်အမျိုးသား ၁ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်။

အဓမ္မပြုကျင့် သတ်ဖြတ်ရာတွင် လူငယ်အမျိုးသား၏ မိခင်ဖြစ်သူပါ ကြံရာပါအဖြစ် ပါဝင်ခဲ့ပြီး အလောင်းဖျောက်ပစ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကလေးငယ် အမျိုးသမီးနှင့် အောင်သုခရွာသူရွာသားများမှ ၎င်းတို့ သားမိနှစ်ဦးလုံးကို AA ထံ တိုင်ကြားခဲ့ပြီး AA ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ကာ အရေးယူအပြစ်ပေးထားကြောင်း သိရသည်။

မတ်လ ၃ ရက်တွင်လည်း ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း ဖဒူချေကျေးရွာတွင် အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးကို အသက် ၄၅ နှစ်အရွယ် ဦးထွန်းအောင်ချေ ဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။

ဦးထွန်းအောင်ချေမှာ ပေါက်တောမြို့နယ် သစ်ပုတ်ချောင်းကျေးရွာမှဖြစ်ပြီး ဖဒူချေရွာနှင့် ဘုရားချောင်းရွာကြားတွင် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်ချေ မှာ ယခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦး အသက် ၅၆ နှစ်အရွယ် အတန်းပိုင်ဆရာ ဦးမောင်တင်နု ဆိုသူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။

၎င်းအား ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ်ပြီး AA ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသော်လည်း မည်သည့်ပြစ်မှုများအား ပေးထားကြောင်း မသိရသေးပေ။

ရခိုင်ပြည်အတွင်း သက်ငယ် အဓမ္မပြုကျင့်မှု၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု မြင့်တက်လာနေပြီး ကျူးလွန်သူများအား အာရက္ခတပ်တော် AA အနေဖြင့် ထိထိရောက်ရောက် အရေးယူအပြစ်ပေးရန် လိုအပ်ကြောင်း အမျိုးသမီးအသိုင်းအဝိုင်းက တောင်းဆိုကြသည်။

မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “မုဒိမ်းမှုတွေ များလာတာဟာ ကျူးလွန်သူတွေကို AA ရဲတပ်ဖွဲ့ကနေ ထိထိရောက်ရောက် အရေးမယူလို့ ဖြစ်တာပါ။ သက်ငယ် မုဒိမ်းမှုတွေဆိုရင် ကျူးလွန်သူတွေကို သေဒဏ်အထိ ပေးသင့်ပါတယ်။ ဒီလို နမူနာ ပြလိုက်မှ နောက်လူတွေလည်း မလုပ်ရဲ၊ မကျူးလွန်ရဲမှာပါ။ ရိုးရိုးပြစ်မှုတစ်ခုလို ထောင် ၃, ၄ နှစ်လောက် ချလိုက်ရုံနဲ့ ကျူးလွန်သူတွေက မကြောက်ရွံ့ကြဘူး။ အသက် ငယ်ငယ်လေးပဲ ရှိသေးတဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်တယ်ဆိုတာက လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလူတွေကို လူ့လောကမှာ မထားသင့်ဘူး” ဟု ပြောသည်။

အာရက္ခတပ်တော် AA ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမှာ ထိထိရောက်ရောက် ကိုယ်တွယ်ခြင်းမရှိသည့်အတွက်လည်း အဓမ္မပြုကျင့်မှု အပါအဝင် လူသတ်မှု၊ ခိုးမှု စသည့် ဒုစရိုက်မှုများ များပြားလာခြင်းဖြစ်ကြောင်းလည်း သံတွဲဒေသခံတစ်ဦးက ပြောသည်။

“တရားဥပဒေ စိုးမိုးမှုမရှိလို့ ဒီလိုဖြစ်နေတာပါ။ နေရာတိုင်းမှာ မြို့နယ်တိုင်းမှာ ခိုးမှုတွေ၊ လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ ကြားနေမြင်နေရပါတယ်။ မင်းမဲ့တိုင်းပြည်လို မတရားမှုတွေ ကျူးလွန်နေကြပါတယ်။ အပြစ်ရှိတဲ့သူကို ကျောသားရင်သား မခွဲခြားဘဲ ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။ ဘယ်သူ့မိသားစု၊ ဘယ်သူ့လူဖြစ်လို့ ဆိုတဲ့ပုံစံမျိုးနဲ့ ပြစ်မှုတွေ လျှော့တာ၊ လွှတ်ပေးလိုက်တာမျိုး မဖြစ်သင့်ပါ။ ဘယ်သူဖြစ်လို့ ဖမ်းဆီးလို့မရဘူးဆိုပြီးတော့လည်း မဖြစ်သင့်ပါ။ ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်ရင် ကြီးလေးတဲ့ ပြစ်မှုတွေကို ပေးသင့်ပါတယ်။ သေဒဏ်အပြစ်ကို ကျူးလွန်ရင် သေဒဏ်အပြစ်ကိုပဲ ပေးသင့်ပါတယ်” ဟု ဆိုသည်။

အသက် ၁၂ နှစ်အောက် အမျိုးသမီးများအား အဓမ္မပြုကျင့်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ချမှတ်မည်ဟု ပြဌာန်းထားကြောင်း အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ရခိုင်ပြည်မှာ အဓမ္မပြုကျင့်မှု အများအပြား ဖြစ်ပွားခဲ့ပြီး မေလ ၆ ရက်တွင် မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည်။

ပလက်ဝဒေသတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ပေါက်တောမြို့နယ် ဟင်းခရော်ရွာတွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်နှင့် မြေပုံမြို့နယ် လွန်းလုံးပိုက်ရွာတွင် အသက် ၂၀ အရွယ် အမျိုးသမီးငယ် ၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။

ပုံစာ – ဘူးသီးတောင်မြို့နယ် မြို့မစေတီတောင်ကျေးရွာမှ အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူအား အာရက္ခတပ်တော် ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားစဉ်။ (ဓါတ်ပုံ – ဒီလပ်ဌာန)


Comments

Leave a Reply

Your email address will not be published. Required fields are marked *