ကျောက်ဖြူ တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ချေမှုန်းနေ
ရခိုင်ပြည် ကျောက်ဖြူမြို့အနီးရှိ ဓညဝတီရေတပ်ဌာနချုပ်၏ ရေတပ်ဌာနခွဲတစ်ခုဖြစ်သော တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ချေမှုန်းနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တောင်မော်ဦးရေတပ်စခန်းအနီးတွင် မေလ ပထမအပတ်နှောင်းပိုင်းကစ၍ စစ်ကောင်စီ စစ်ကြောင်းများနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တို့ကြား ထိတွေ့ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
နေဗီစစ်သင်္ဘောများမှ အင်အား ရာဂဏန်းပါ စစ်ကောင်စီ စစ်ကြောင်းများမှာ ကမ်းတက် ထိုးစစ်ဆင်နေသော်လည်း AA တပ်ဖွဲ့ဝင်များ တိုက်ခိုက်ချေမှုန်းမှုကြောင့် အထိအခိုက်အများပြားဖြင့် ပြန်ဆုတ်နေရသည်ဟု ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တောင်မော်ဦးရေတပ်အနီး အဝတောင်၊ မျှောချောင်း၊ ဒွေးချ စတဲ့ ကျေးရွာ အနီးတွေမှာ တိုက်ပွဲက တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြတယ်။ စစ်သင်္ဘောတွေကနေ တက်လာနေတဲ့ စစ်ကြောင်းတွေကို တပ်တော်ဘက်ကနေ အမိအရ ချေမှုန်းနေပါတယ်။ စစ်ကောင်စီဘက်က တော်တော် အထိနာနေတယ်။ ပြန်ဆုတ်သွားရတဲ့ အခြေအနေမျိုးလို့ သိထားတယ်” ဟု ဆိုသည်။

မြေပြင် AA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သော ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တောင်မော်ဦးရေတပ်စခန်းအနီး တစ်ဝိုက်ကနေ ရှေ့မတိုးနိုင်ကြောင်း ပြောသည်။
လေကြောင်းပစ်ခတ်မှုများ၊ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ခတ်မှုများဖြင့် မြေပြင်စစ်ကြောင်းများကို စစ်ကောင်စီက ပစ်ကူပေးနေသော်လည်း အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးဗျူဟာအောက်တွင် အလူးအလဲခံနေရကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
“စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စနဲမြို့ကို အဓိက ဦးတည်နေတယ်။ စနဲမြို့အနီးဝန်းကျင်ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းကို စိုးမိုးဖို့ လုပ်လာတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်တော်ရဲ့ တိုက်ခိုက်ရေးဗျူဟာအောက်မှာ အလူးအလဲ ခံနေရတယ်။ ကမ်းတက်လာတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပြန်ဆုတ်သွားရတယ်။ တပ်တော်ဘက်ကလည်း အင်အား များတယ်လို့ ပြောတယ်။ တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအနေဖြင့် စနဲမြို့ ပတ်ဝန်းကျင်ကို စစ်ကောင်စီ လက်ထဲသို့ ရောက်သွား၍မရကြောင်းနှင့် စနဲမြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိန်းချုပ်သွားနိုင်ပါက ကျောက်ဖြူနှင့် ရမ်းဗြဲမြို့ ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံရမည်ဟု စစ်ရေးသုံးသပ်သူတစ်ဦးက ပြောသည်။

“စနဲမြို့ကို စစ်ကောင်စီ ရသွားရင် ဒီဘက် မင်းပြင်၊ ဇင်ချောင်းကိုလည်း စစ်ကောင်စီ ရသွားနိုင်တယ်။ အဲလိုသာဆို ကျောက်ဖြူနှင့် ရမ်းဗြဲ ခါးလယ် ထိန်းချုပ်ခံရမယ်။ ကျောက်ဖြူ-ရမ်းဗြဲ ဆက်သွယ်ရေးလမ်းကြောင်းတွေ အားလုံး ဖြတ်တောက်ခံရမယ်။ ပြီးတော့ ကျောက်ဖြူမြို့အနီးမှာ ထိုးစစ်ဆင်နေတဲ့ AA တပ်ဖွဲ့ဝင်တွေလည်း ဂျောင်ပိတ်မိသွားနိုင်တယ်။ AA ဘက်ကလည်း ဒါကို သိလို့ ကမ်းတက်လာတဲ့ စစ်ကြောင်းတွေကို အမြစ်ပြတ်ချေမှုန်းနေတာလို့ ပြောချင်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကမ်းတက်ခွင့် လုံးဝပေးလို့ မရတဲ့ အခြေအနေပေါ့” ဟု ဆိုသည်။
တောင်မော်ဦးရေတပ်စခန်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီမှ အရပ်သားကျေးရွာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ ၅၀၀၀ ထက်မနည်းမှာ အိုးအိမ်စွန့်ခွာ ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံနေရကြောင်း စစ်ရှောင်အရေးကူညီနေသည့် ဇင်ချောင်းလူငယ်ပရဟိတအသင်း တာဝန်ခံ ကိုနိုင်လင်းထွန်းက ပြောကြားထားသည်။

တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်က ဒေသခံပြည်သူ ၅ သောင်းနီးပါးမှာ စစ်ဘေးရှောင်နေကြရပြီး ကျောက်ဖြူမြို့နယ်တွင် ၃၂၀၀၀၊ ရမ်းဗြဲမြို့နယ်ဘက်တွင် ၁၁၀၀၀၊ တောင်ကုတ်မြို့နယ်ဘက်တွင် ၅၀၀၀၊ အမ်းမြို့နယ်တွင် ၁၅၀၀ စသဖြင့် အသီးသီး ခိုလှုံနေကြရကြောင်း ကိုနိုင်လင်းထွန်းက ဆိုသည်။
စစ်ဘေးရှောင်ပြည်သူများ၏ လတ်တလော အရေးပေါ်လိုအပ်ချက်မှာ အမိုးအကာ၊ သန့်ရှင်းသော သောက်သုံးရေနှင့် စားနပ်ရိက္ခာ တို့ဖြစ်ကြောင်း သိရသည်။
ပုံစာ – ရှေ့တန်းစစ်မျက်နှာက အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်)


Leave a Reply