ရန်ကုန်မြို့တွင် ၂ ပတ်ကျော်အတွင်း လူ ၄၀ ခန့် ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင် မေလ ၁ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း လူ ဦးရေ ၄၀ခန့် ဖမ်းဆီးခံရကြောင်း ရန်ကုန်မြို့ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network – RSN) တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးခံရသူ ၁၀ ဦး၊ ညဘက် လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၁၅ ဦးရှိပြီး စစ်မှုထမ်းစာရင်းဖြင့် နေအိမ်တွင်းသို့ ဝင်ရောက်ဖမ်းဆီးသူ ၁၀ ဦးထက်မနည်း ရှိကြောင်း RSN မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ခု မေလ လဝက်လောက်အတွင်းမှာ အဖမ်းအဆီးဖြစ်စဉ်တွေ ပြန်များလာတယ်ဗျ။ စုစုပေါင်း အယောက် ၄၀ လောက်ရဲ့ ဖြစ်စဉ်ကို သိလိုက်ရပါတယ်။ ခုတလော ဧည့်စာရင်း စစ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်ဗျ။ ရက် ၁၀၀ စီမံကိန်းကြောင့်လည်း ပါမယ်ထင်တယ်။ စစ်မှုထမ်းသင်တန်းအတွက် လူလိုနေလို့ လိုက်စစ်ပြီး ဆွဲချင်တာလည်း ပါလောက်မယ်။ တချို့ဆို ဧည့်စာရင်း တရက်ပဲ စွန်းတာတောင် မရပါဘူး၊ ရုံးကို ဖမ်းခေါ်သွားတယ်။ ပိုက်ဆံတောင်းတယ်၊ တချို့ပြန်လွတ်တယ်၊ တချို့က သတင်း အစအန ပြန်မကြားရတော့ပါဘူးဗျ” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းစာရင်းဖြင့် ဖမ်းဆီးခံရသည့် အသက်အပိုင်းအခြားမှာ အသက် ၂၅ နှင့် ၃၅ နှစ်အတွင်းဖြစ်ပြီး အခြား မတရားဖမ်းဆီးခံရသူများလည်း ရှိကြောင်း RSN မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထမင်းကြော်ဆိုင်တွင် စားသောက်နေသူများ၊ ညဘက် လမ်းဘေးအိပ်နေသည့် အနှေးယာဉ်လုပ်သားများ နှင့် ညဘက် အိမ်ပြန်လာသည့် ပန်းရံအလုပ်သမားများလည်း ဖမ်းဆီးခံရမှုများရှိကြောင်း ဒေသခံများထံက သိရှိရသည်။

တောင်ဒဂုံ၊ သာကေတ၊ ရွှေပေါက္ကံ၊ လှိုင်၊ မရမ်းကုန်းနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် စစ်မှုထမ်းစာရင်းပါသူများကို နေအိမ်အထိ လာရောက်ဖမ်းဆီးမှုများရှိကြောင်း RSN စာရင်းအရ သိရသည်။

ဆိုင်ခန်းများဖြင့် လူစည်ကားရာမြို့နယ်ဖြစ်သည့် တတာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဌေးကြွယ်ရပ်ကွက်၊ သူဌေးလမ်းတွင် နေထိုင်သည့် အမျိုးသား သုံးဦးကိုလည်း မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်မှုထမ်းစာရင်းပါသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တာမွေမြို့နယ်ကင်းထောက်အဖွဲ့ (Tamwe Nway Oo) ကလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းအတွက် ဖမ်းဆီးခံထားရသူ လူဦးရေ ၃၀ ကျော် ရှိနေခဲ့ပြီး လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရုံး၌လည်း လူ ရှစ်ဦးခန့်ကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း Rangoon Scout Network (RSN) က ဆိုသည်။

မြို့နယ်အချို့တွင် သန်းခေါင်စာရင်းနှင့် လူတိုက်စစ်ပြီး လူပါအဝင် အခန်းများကိုပါ ဓာတ်ပုံရိုက်ယူသွားကြကြောင်း သိရသည်။

ရန်ကုန်တွင် စစ်မှုထမ်းအတွက် တပ်သားစုဆောင်းခံရသူများကို မိသားစုဝင်များက အုပ်ချုပ်ရေးမှူးရုံးရှေ့များတွင် ရွေးယူရန် သွားရောက်ကြသော်လည်း အများစုမှာ ပြန်လည်ရွေးယူမရဘဲ စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခံရကြောင်း မိသားစုဝင်များထံက သိရသည်။

အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ တက်လာပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ယခင်ကာလထက် ခပ်စိပ်စိပ် ဖမ်းဆီးခံရမှုများရှိနေခြင်းကြောင့် အဆောင်နေသည့် အမျိုးသားများ၊ တိုက်ခန်းငှားရမ်းနေထိုင်သည့် အမျိုးသားများနှင့် ညဘက် လုပ်ငန်းခွင်မှ ပြန်လာကြသည့် အမျိုးသားများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *