ဒီပဲယင်း၊ စိုင်ပြင်မြို့ရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

စခန်းမှူးက ငါးနှစ်သားကလေးနှင့် ဇနီးဖြစ်သူကိုထားပြီး ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက ယမန်နေ့ (မေ ၁၈ ရက်)၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းရှိ ၎င်းတို့၏ အထိုင်စခန်းများကို လူ၊ လက်နက်နှင့် ဒရုန်းအင်အားများ ဖြည့်တင်း၍ ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်တော့မည့် ခိုင်လုံသည့် သတင်းများ ရရှိခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအား တတ်စွမ်းနိုင်သမျှ ကာကွယ်စောင့်ရှောက်ရန်နှင့် လုံခြုံရေးအာမခံချက်များ ပေးနိုင်ရန် Operation OTT ကို ဆင်နွှဲခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၁၄ ရက်၌ စိုင်ပြင်မြို့ နယ်မြေရဲစခန်းကို အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ စစ်အင်အား ၆၀ ဦးဖြင့် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ပြီး မေ ၁၆ ရက်၊ နံနက် ၉ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“စိုင်ပြင်က မြို့သေးသေးလေးဆိုပေမဲ့ မြို့အင်္ဂါရပ်နဲ့ ညီပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း သွားလာနေတာပဲ။ ပြည်သူတွေရော ရဲစခန်းကို ကွင်းပြီးသွားရတာပေါ့။ အခုကတော့ ရဲစခန်းလည်း ရှင်းသွားပြီ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ၁၁ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စခန်းမှူး ဒုရဲအုပ် ဝင်းဇာနည်အောင်သည် ၎င်း၏ ကွပ်ကဲမှုအောက်တွင် ကျဆုံး/ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သည့် မိသားစုဝင်များကို တာဝန်မဲ့စွာ ချန်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

“တိုက်ပွဲဖြစ်နေတုန်းကဆို စိုင်ပြင်ကြီးဘက် ဗုံးအရမ်းကြဲတယ်။ တစ်ခါကြဲရင် လေးငါးခါထိ ကြဲတယ်။ အရင်နှစ်တွေတုန်းကလည်း ရဲစခန်းကို ဝင်သိမ်းကြတာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက သိမ်းပိုက်ခဲ့သည့် စိုင်ပြင်မြို့ နယ်မြေရဲစခန်းမှာ မုံရွာ – ဘုတလင် – ရေဦး – ဒီပဲယင်းလမ်းမကြီးပေါ်၌ တည်ရှိသည်။

လက်ရှိတွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းက မေ ၁၆ ရက်မှစ၍ ဘုတလင်မြို့တောင်ခြမ်းဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ဒီပဲယင်း၊ ရေဦးနှင့် စိုင်ပြင်မြို့ဘက်သို့ ဦးတည်နိုင်သဖြင့် အထူးဂရုပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ခရိုင်ကွပ်ကဲမှုအောက်မှ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုင်ပြင်မြို့ရှိ စစ်ကော်မရှင်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *