လားရှိုးမှာ တရုတ်ကျောင်းတစ်ခုက ကျောင်းသူတွေ ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို အုပ်စုလိုက် အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်ခဲ့
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က တရုတ်စာသင်ကျောင်းက ကျောင်းသူအချင်းချင်း ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ တရုတ်ကျောင်းတက်တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“အရိုက်ခံရတဲ့ ကလေးမက သူတို့ကောင်လေးနဲ့ စကားပြောလို့တဲ့။ ကလေးမက သူတို့ကောင်လေးနဲ့ စကားပြောတာကို ဝန်မခံပဲ လိမ်နေလို့တဲ့။ ကလေးတွေအချင်းချင်း စကားများပြီး ရိုက်နှက်တာတွေ လုပ်တာပါ။ အဲဒီကလေးမကို ရိုက်တဲ့ကလေးမက ကျောင်းမှာလည်း အရမ်းဆိုးတဲ့သူလို့တော့ ကျမ ကလေးတွေ ပြောပြကြတာပဲ”
ဖြစ်စဉ်ဟာ လားရှိုးမြို့ ရပ်ကွက် ၇ မှာ ကျောင်းသူအချင်းချင်းရိုက်နှက်မှုဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်ရှိ လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ကျောင်းသူအုပ်စုတစ်ခုက အသက် ၁၅ နှစ်အရွယ်ကျောင်းသူကို လည်ပင်းညှစ်တာနဲ့ ပါးကိုအကြိမ်ကြိမ်ရိုက်တာတွေအပါ ဆိုးဆိုးရွားရွာ ရိုက်နှက်နေတာကို တွေ့ရှိရပါတယ်။

“ကလေးမ စိတ်ဒဏ်ရာရမှာပဲ ကြောက်နေရတာ။ အရိုက်ခံရတာက တော်တော်လေးဆိုးတယ်လေ။ ကျောင်းတောင် တက်ရဲအုံးမှာလား မသိဘူး။ ဒီလိုနောက်ထပ်မဖြစ်အောင်တော့ မျှော်လင့်ရတာပေါ့”လို့ အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

အနိုင်ကျင့်ခံရတဲ့ ကျောင်းသူနဲ့ ကျူးလွန်သူတွေဟာ Shengguang School က ကျောင်းသူတွေဖြစ်ပြီး ဘေးမှာဝိုင်းဝန်းကြည့်နေသူတွေထဲမှာတော့ Guomin School က ကျောင်းသားတွေလည်း ပါဝင်နေတယ်လို့ လားရှိုးမြို့မှာရှိတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ ထုတ်ပြန်ထားပါတယ်။

အခုလို ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ ပတ်သက်ပြီး နောက်ထပ်မဖြစ်ပွါးအောင် တားစီးကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။


Leave a Reply