တစ်နိုင်ငံလုံးက ဝိုင်းသနားပေးနေပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မြောက်ဥက္ကလာဆေးရုံရဲ့ ရင်ခွဲရုံ

တစ်နိုင်ငံလုံးက ဝိုင်းသနားပေးနေပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မြောက်ဥက္ကလာဆေးရုံရဲ့ ရင်ခွဲရုံ

ကျွန်တော့်အသင်းက accident ဖြစ်စဉ်တွေမှာ အမြန်ဆုံးရောက်အောင်သွားတယ်။ ပရဟိတအသင်းတွေကလို့မသုံးပဲ ကျွန်တော့်အသင်းကလို့သုံးတာက အခုနောက်ပိုင်းမှာ တစ်ချို့က ပရဟိတအသင်း ဆိုပြီး လူနာလည်းမကောက် ၊ လူနာလည်းမသယ် ၊ အလှူငွေပဲလိုက်ကောက်နေကြတဲ့ အသင်းတွေက ။ ဆီဘိုး အလှူငွေသာလက်ခံပါတယ်ဆိုပြီး မတန်တဆစျေးတွေနဲ့ ဆေးရုံဆင်း ဆေးရုံတက် ambulance ကို သီးသန့်အော်ဒါလိုက်နေကြတဲ့အသင်းတွေက ပေါ်ပေါက်လာနေလို့ပါ။

ဒီကလေးမလေးဖြစ်စဉ်မှာ ကျွန်တော်တို့ရောက်တော့
ကလေးမလေးက မသေသေးပါဘူး။ ဆေးရုံရောက်မှ ဆုံးသွားတာပါ။ ဒါပေမယ့် ဖြစ်စဉ်မှာကတည်းက အခြေအနေမကောင်းတော့တာ ကျွန်တော်တို့သိပါတယ်။

ဆရာဝန်တွေကြိုးစားကြပေမယ့် အချိန်မမှီတော့ဘူး။ သေသွားတယ်။ ဒါ့ကြောင့် လုပ်ရိုးလုပ်စဉ်အရ သူ့အလောင်းကို ရင်ခွဲရုံအပ်ပေးခဲ့တယ်။ နောက်နေ့ သူ့အလောင်းကို ရင်ခွဲရုံကသွားယူပေးမယ်။ မီးသင်္ဂြိုလ်ပေးမယ်။ ဒါက ကျွန်တော်တို့ accident ကောက်ရင် သေဆုံးသူတွေအတွက် လုပ်ပေးနေကြ။
မသေရင် လူနာရှင်နဲ့အဆက်အသွယ်မရခင်အထိ ဆေးဘိုးတာဝန်ယူပေးတယ်။

အဲ့ဒီ့နေ့က ကျွန်တော့်အသင်းကားက လူနာကိုဆေးရုံလိုက်ပို့ပြီး လိုအပ်တာတွေ ဝိုင်းလုပ်ပေးနေတယ်။ ကျွန်တော်အကူအညီတောင်းလို့ ၄၃ လူငယ်အဖွဲ့က အသက်(၈)နှစ်အရွယ်ကလေးကိုကားပေါ်တင်ပြီး သူတို့အိမ်လိုက်ရှာကြရတယ်။ သူများတွေအိပ်လို့ကောင်းတဲ့အချိန် ည(၂) နာရီမှာပေါ့။

နောက်နေ့ အလောင်းထုတ်ပြီး သင်္ဂြိုလ်မယ်လုပ်တော့ စရစ်တော့တာပဲ။ အခေါင်းဝယ်မှာလား ၊ သရဏဂုံတင်ပေးရမလား၊ body သယ်ပေးရမလား၊ မီးသင်္ဂြိုလ်ပေးရမလား၊ ဘယ်ရွေ့ဘယ်မျှကျမယ်ဆိုပြီးအလောင်းကိုထုတ်မပေးသေးပဲ မသာပွဲစားစလုပ်တော့တာပဲ။ ဒါတောင် ပလုံကောက်သူတွေမို့မတတ်နိင်ပါဘူး ၊ ပရဟိတအသင်းက တာဝန်ယူမှာပါဆိုလို့ ၇၅၀၀၀ နဲ့ သရဏဂုံတင်ပေးပါမယ် အလောင်းပြင်ပေးပါမယ်ဆိုပြီး ရသလောက်ယူကြသေးတယ်။ပြီးတော့မှ စာရွက်စာတမ်းကစ္စ ၊ အလောင်းထုတ်မဲ့သူကိစ္စ တစ်ခုချင်းကိုရစ်တာ။

အလောင်းထုတ်ယူဖို့ ရဲစခန်းထောက်ခံချက်ယူခဲ့ပါလို့ မှာလိုက်တယ် ၊ ဒါနဲ့ ပိုင်ရှင်တွေက ယာဉ်တိုက်မှူဖြစ်တဲ့ မြောက်ဒဂုံရဲစခန်းမှာသွားယူကြတယ်။ မြောက်ဒဂုံစခန်းကလည်း သေသူက အရှေ့ဒဂုံမှာနေလို့ အရှေ့ဒဂုံစခန်းမှာ ယူရမှာလို့ပြောလိုက်တယ်။ ဒါနဲ့ပဲ အရမ်းဝေးတဲ့ အရှေ့ဒဂုံစခန်းကို သွားကြရပြန်တယ်။အရှေ့ဒဂုံစခန်းရောက်တော့လည်း လုပ်ထုံးလုပ်နည်းအရ ရပ်ကွက်လူကြီးထောက်ခံစာယူရမယ်ဆိုတော့ ရပ်ကွက်ထဲပြန်ရပါသေးတယ်။ သူတို့မှာ အပူတစ်ဖက်နဲ့ အလွန်ဝေးတဲ့ခရီးတွေကို သွားလာလုပ်ကိုင်နေရတာ။ နောက်ဆုံးစာရွက်စာတမ်းတွေရလာတော့ အချိန်မရှိတော့ဘူး။ မီးမသင်္ဂြိုလ်ရပဲ သုံးရက်ထားလိုက်ရတယ်။

မနေ့က (၃) ရက်ပြည့်လို့ အလောင်းထုတ်မယ်၊ မီးသင်ဂြိုလ်မယ် ၊ သူတို့ မနက်၁၀ နာရီလောက်လာမယ် ၊ ဆရာကူညီပေးပါဆိုလို့ ကျွန်တော်လည်းလိုက်သွားခဲ့တယ်။ ဟိုရောက်လို့ အလောင်းထုတ်မယ်လည်းဆိုရော ရဲစခန်းထောက်ခံစာကမှာနေတယ်။ ယာဉ်ထိမ်းဆီက ယူရမှာတဲ့။ ထုတ်ပေးလို့မရဘူးတဲ့။ နာရေးလိုက်ပို့တဲ့သူတွေကလည်း စုံနေပြီ။ မင်းတို့ ဘာဖြ
စ်လို့ စောစောကတည်းက ယာဉ်ထိမ်းရဲလို့ ဘာကြောင့်မပြောတာလည်းဆိုပြီးမေးတော့ သူကယာဉ်ထိမ်းရဲကိုလှမ်းပြောပြီးပြီတဲ့။ မင်း ယာဉ်ထိမ်းရဲကို ထောက်ခံစာလာယူလိမ့်မယ်။ ကျွန်တော်တစ်ယောက်လွှတ်လိုက်တယ်ဆိုပြီးပြောရမှာမဟုတ်ဘူး။ နာရေးရှင်ကို ဘယ်စခန်းဘယ်ရဲဆီမှာ ထောက်ခံစာယူပေးပါလို့ပြောရမှာလေဆိုတော့ ဟိုလိုလို ဒီလိုလို လုပ်နေတယ်။

ဒါနဲ့ပဲ ကျွန်တော် နာရေးရှင်တွေကိုခေါ်။ ယာဉ်ထိမ်းရုံးကိုသွားပြီး ထောက်ခံစာလိုက်ယူပေးလိုက်တယ်။ ပြီးတော့ပြန်လာပြီး ထောက်ခံစာစာရွက်ပေးပြီး အလောင်းထုတ်မယ်လုပ်တော့ မရသေးဘူးတဲ့။ ဧည့်စာရင်းစာအုပ်လိုမယ်၊ အလောင်းထုတ်ဖို့ လက်ရှိယောင်္ကျားနဲ့တင်မရဘူး ပထမယောင်္ကျား (သို့မဟုတ်) ပထမယောင်္ကျားနဲ့မွေးထားတဲ့သမီးပါ ခေါ်လာရမယ်တဲ့။ သေဆုံးသူတွေကိုပါ အရှက်ထပ်ခွဲနေသလိုပဲ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းနဲ့နေထိုင်ကြောင်း ထောက်ခံစာလည်းပါတယ်။ ရဲစခန်းရဲ့ထပ်ဆင့်ထောက်ခံစာလည်းပါရဲ့သားနဲ့ ဧည့်စာရင်းစာအုပ်က ဘာဖြစ်လို့လိုတာလည်းဆိုတော့ အကြောင်းပြချက်မရှိဘူး။ မရဘူးလိုတယ်သွားယူပေးတဲ့။

ခင်ဗျားတို့ဗျာ….. လူတွေခမျာ ဘာမှမတတ်နိုင်ကြရှာလွန်းလို့ ပရဟိတအသင်းက အကုန်အကျခံပြီး လိုက်လံလုပ်ကိုင်ပေးနေရတာ။ သူတစ်ပါး ရင်ထဲမှာ အပူမီးတွေ တောက်လောင်နေချိန်၊ လုပ်ကိုင်ပေး၍ ရပါလျက်နှင့် အာဏာတွေပြ၊ ပါဝါတွေပြ၊ ဟောက်
လိုက်ဟိန်းလိုက်နှင့် မရက်စက်လွန်းဘူးလား။ ဒီကြားထဲ “မသာပွဲစား” လုပ်ပြီး အခေါင်းဝယ်မလား၊ အလောင်းပြင်မလား၊ အစအဆုံး တာဝန်ယူပေးရမလား၊ တစ်ဝက်တစ်ပျက်ပဲ လုပ်မလားဆိုပြီးအပူသည်များထံမှာ နည်းမျိုးစုံဖြင့် ပိုက်ဆံညှစ်ထုတ်နေကြသေးတယ်။

ခင်ဗျားတို့ကို တိုင်ကြားနေလျှင်လည်း ဘာမှထူးခြားလာမှာမဟုတ်ဘူး။ နောင်ဘဝ နောင်သံသရာမှာတော့…ဒီလို ခါးသီးလှတဲ့ ဝဋ်ကြွေးမျိုး မလည်ကြပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

ထွန်းမြတ်ညွန့်


Comments

Leave a Reply

Your email address will not be published. Required fields are marked *