‘လရောင်အောက်ကကုမုဒြာ’ သီချင်းကြောင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုခံနေရသည့် မေသက်ထားဆွေ

🪗 “အနုပညာလား၊ နိုင်ငံရေးလား? ‘လရောင်အောက်ကကုမုဒြာ’ သီချင်းကြောင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုခံနေရသည့် မေသက်ထားဆွေ

ဒီရက်ပိုင်း မေသက်ထားဆွေ သီဆိုတဲ့ သီချင်းနဲ့ပတ်သက်ပြီး လူပြောများနေလို့ မေသက်ထားဆွေဆိုတာ မြန်မာ့ရိုးရာသီချင်းကြီး၊ သီချင်းခန့်များနှင့် ယဉ်ကျေးမှုဂီတလောကမှာ ငယ်ငယ်ကတည်းက ထူးချွန်လွန်းလို့ “ပါရမီရှင် အဆိုတော်မလေး” အဖြစ် လူသိများခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

သူမကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး၊ မိဘများမှာ ဦးခင်မောင်ဆွေနှင့် ဒေါ်သန်းသန်းအေးတို့ ဖြစ်ကြပါတယ်။

ဂီတအနုပညာအပြင် ပညာရေးပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မြန်မာစာနဲ့ ဇီဝဗေဒ (၂) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။

မေသက်ထားဆွေဟာ အသက် (၇) နှစ်သမီး အရွယ်ကတည်းက မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားအဆင့် ရွှေတံဆိပ်ဆုပေါင်းများစွာကို စံချိန်တင် ဆွတ်ခူးနိုင်ခဲ့တာပါ။

မြန်မာသံစဉ် သီချင်းများကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သည့် ဆယ်ကျော်သက် အနုပညာရှင်ဘဝကတည်းက ဘုရားပွဲများ၊ အလှူမင်္ဂလာဆောင်များနှင့် ဖျော်ဖြေပွဲ တော်တော်များများတွင် လက်မလည်အောင် သီဆိုဖျော်ဖြေနေရသည့် နိုင်ငံကျော် အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိ သူမအသက် ၂၃ နှစ်အရွယ်အထိ မြန်မာသံစဉ်အဆိုတော်တွေထဲမှာ အအောင်မြင်ဆုံး လူချစ်လူခင်အများဆုံးလို့ပြောနိုင်ပါတယ်။

မြန်မာသံသီဆိုရုံတင်မကဘဲ ပါရမီပါတယ်ဟု ပြောရလောက်အောင် ကြည်လင်ပြတ်သား တည်ငြိမ်လှသည့် ဆိုဟန်၊ မြန်မာဆန်ဆန် ယဉ်ယဉ်ကျေးကျေး ဝတ်စားဆင်ယင်မှုများကြောင့် တောရောမြို့ပါမကျန် လူထုအပြင် ရဟန်းသံဃာတော်များအထိပါ ချီးကျူး အသိအမှတ်ပြုခြင်း ခံရသူဖြစ်ပါတယ်။

ထို့ကြောင့်လည်း စာအောင်သံဃာတော်များ ဂုဏ်ပြုပွဲ အခမ်းအနားများတွင် မဖြစ်မနေ ပင့်ဖိတ်ငှားရမ်းခြင်း ခံရသည့်အထိ အောင်မြင်ကျော်ကြားပါတယ်။

သို့သော်လည်း နောက်ဆုံးတွင် ယနေ့လူမှုကွန်ရက်စာမျက်နှာများထက်၌ “လရောင်အောက်ကကုမုဒြာ” (တေးရေး – သျှန်ထွန်း မြန်မာစာ) ဟူသည့် သီချင်းကို သီဆိုခဲ့မှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။

အဆိုပါသီချင်း သီဆိုမှုအပေါ် လူအချို့အမြင်တွင် အနုပညာအရသာ ခံစားမှုသက်သက်အဖြစ် လက်ခံကြသော်လည်း၊ အချို့ကမူ ယခုသီချင်းကို သီဆိုသည့်အတွက်ကြောင့် ဆက်လက်အားမပေးတော့ကြောင်း ပြောဆိုလျက်ရှိကြပါတယ်။

တစ်ဖက်တွင်လည်း မေသက်ထားဆွေ၏ ပရိသတ်များက အနုပညာနှင့် နိုင်ငံရေးအမြင်ကို ခွဲခြားသင့်ကြောင်း၊ အနုပညာကို အနုပညာအရသာအတိုင်းသာ ခံစားသင့်ကြောင်း ပြန်လည်ပြောဆိုမှုများလည်း ရှိနေသည့်အတွက် ပရိသတ်များအကြား အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးငြင်းခုံလျက် ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *