ဆုန်သင်းပါရ်၏ စင်ကာပူဖျော်ဖြေပွဲကို သပိတ်မှောက်ရန်နှိုးဆော်ထားသဖြင့် လက်မှတ်ဝယ်ယူသူ နည်းပါး

ပြီးခဲ့တဲ့သင်္ကြန်တုန်းက စစ်အာဏာရှင်ရဲ့ နေပြည်တော် ဗဟိုမဏ္ဍပ်မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်တဲ့ အဆိုတော် ဆုန်သင်းပါရ်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို စင်ကာပူ နိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့အပေါ် သပိတ်မှောက် Boycott လုပ်ကြဖို့ လှုံ့ဆော်နေပါတယ်။

စစ်တပ်အသိုက်အဝန်းနဲ့ ပတ်သက်နေတဲ့ အနုပညာရှင်တွေအပေါ် ပြည်ပရောက် မြန်မာ အသိုက်အဝန်းနဲ့ တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်သပိတ်မှောက်တဲ့ လှုပ်ရှားမှု Boycott တွေကို အရှိန်တိုးမြှင့် လုပ်ဆောင်လာနေတာမှာ လာမယ့် ဇွန် ၇ ရက် စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကိုလည်း သပိတ်မှောက်ဖို့ လှုံ့ဆော်တာ ဖြစ်ပါတယ်။

ခုလို စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ဖျော်ဖြေပွဲတွေဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးကို အားပေးအားမြှောက် ပြုတဲ့အတွက် ပြည်ပရောက် မြန်မာတွေကြားမှာ စိတ်သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အတွက် Boycott လုပ်ဆောင်ကြဖို့ကိုလည်း FNCC Burma Fact Check Community ရဲ့ တာဝန်ရှိသူက တိုက်တွန်းပြောပါတယ်။

“စစ်အုပ်စုဘက်က ရပ်တည်တဲ့ အနုပညာရှင်ဆိုတဲ့သူတွေ မှန်သမျှသည် စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ယန္တရားရဲ့ ထောက်တိုင်တွေဖြစ်တယ်။ အခုလို ရွှေပြောင်းမြန်မာတွေ အများစုရှိတဲ့နေရာကို သူတို့ ဖျော်ဖြေပွဲတွေ လာလုပ်တယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတော့ ပြည်သူတွေကြားထဲမှာ အကွဲအပြဲဖြစ်အောင်ပါ။ စစ်အုပ်စု ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်အတိုင်း ဖော်ဆောင်နေတဲ့သူတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ဆန့်ကျင်ကြတာပါ။

အဓိကကတော့ စစ်အုပ်စုအောက်မှာနေမယ် ဆိုလို့ရှိရင် ပြည်သူရဲ့ ဆန့်ကျင်မှုကို ဒီလိုခံရမယ်ဆိုတဲ့ အကျိုးဆက်တွေ ရှိတယ်ဆိုတဲ့အကြောင်း သူတို့ကို သိအောင်ပြတာပါ။ နောက်ထပ်လာမယ်ဆိုတဲ့သူတွေ အတွက်လည်း သတိပေးချက် ဖြစ်နေအောင် ကျနော်တို့က ဆန့်ကျင်ကြတာပါ။ ပြည်သူ့အာဏာဆိုတာ ပြည်သူ့လက်ထဲမှာပဲ အမြဲတမ်းရှိပါတယ်။ ဆိုတော့ လူအများပါဝင်ရင် ပါဝင်သလို ထိရောက်တဲ့ လုပ်ဆောင်ချက်ကြီး ဖြစ်လာမှာပါ။”

လက်ရှိမှာလည်း ဇွန် ၇ ရက်နေ့ စင်ကာပူမှာကျင်းပဖို့ စီစဉ်ထားတဲ့ ဆုန်သင်းပါရ်ရဲ့ပွဲမှာ သွားရောက် အားပေးမဲ့သူ အလွန်နည်းပါးနေပြီး လက်မှတ်ဝယ်ယူသူ မရှိသလောက် နည်းပါးနေတာကို တွေ့ရ တယ်လို့ ပွဲစီစဉ်သူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ပွဲစီစဉ်ပေးသူတွေ၊ တေးဂီတ (Band) အဖွဲ့တွေ၊ ကြော်ငြာပေးနေတဲ့ စီးပွားရေး လုပ်ငန်းရှင် အပါအဝင် ပူးပေါင်းလုပ်ဆောင်နေတဲ့သူတွေကိုပါ Boycott လုပ်ကြဖို့ တိုက်တွန်းနေကြပါတယ်။

စင်ကာပူမှာနေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကတော့ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ဘယ်ပွဲကို မဆို သွားရောက်အားပေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

“အားမပေးကြပါဘူးနော်၊ ဒီ စကစ လက်အောက်ကနေ လာလုပ်တဲ့ပွဲတွေ မှန်သမျှ စင်ကာပူရဲ့ ဓမ္မဘက်တော်သားတွေက အားမပေးကြပါဘူး။ ဘယ်သူတွေပဲ လာလုပ်လုပ် အားမပေး ကြပါဘူးရှင့်၊ အကုန်လုံးက Boycott လုပ်ပေးကြပါတယ်။ သူငယ်ချင်းတွေ အသိမိတ်ဆွေ ဘယ်သူမှလည်း မသွားကြပါဘူးလေ။ သွားကြည့်ဖို့မှ မလိုအပ်တာ။ ဒီပွဲတွေဆိုတာက စကစ လက်အောက်ကနေ လာတာလေ။”

ပြည်ပရောက် မြန်မာတွေအနေနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ အနုပညာရှင်တွေ လာရောက်ဖျော်ဖြေမဲ့ ပွဲတွေကို သွားအားမပေးကြဖို့နဲ့ ပူးပေါင်းပါဝင်နေသူတွေကိုပါ သပိတ်မှောက်တာနဲ့ လူမှုရေးပြစ်ဒဏ်ခတ်တာတွေ ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ Iron Cross၊ G Fatt လို အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေ အပါအဝင် သရုပ်ဆောင် နေဝင်း ပါဝင်တဲ့ ဗြောသံ ရုပ်ရှင်ဟာ လည်း သပိတ်မှောက်ကြလို့ ကြည့်ရှုသူ မရှိသလောက် ဖြစ်ခဲ့ရတဲ့အပြင် တချို့ အနုပညာရှင်တွေ ဆိုရင်လည်း ပွဲတွေဖျက်သိမ်းရတဲ့အထိပါ ရှိခဲ့ဖူးပါတယ်။

✍🏻ကေခိုင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *