🌻 ငုံးဥပြုတ်ရောင်းတဲ့ “သုခိတ” လူသားလေး 🌻
ဒီကောင်လေးအကြောင်းကို မိတ်ဆွေတို့သိအောင် ကျွန်တော်ပြောပြချင်ပါတယ်…။
ဒီကောင်လေးကို ကျွန်တော်စတွေ့ခဲ့တာက သန်လျင်တံတားအဆင်းနဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာဘက်နားက လမ်းလေးခွဆုံတဲ့ မီးပွိုင့်ထိပ်မှာပါ….။
အဲဒီနေ့က ကျွန်တော် မြို့ထဲဘက်က ပြန်လာပြီး အဲဒီမီးပွိုင့်ထိပ်ရောက်တော့ မီးနီသွားလို့ ကျွန်တော့်ကားလေးကို ရပ်လိုက်တဲ့အချိန်မှာ….
” ကိုကြီးရေ..ငုံးဥပြုတ်ယူအုံးမလား”
အသံကြားလို့ ကျွန်တော့်ကားဘေးကို ကြည့်လိုက်တော့ လက်နှစ်ဖက်မှာ ချိုင်းထောက်နှစ်ခုကို လက်မောင်းရင်းမှာ ထောက်ပြီး ငုံးဥပြုတ်ခြင်းလေးကို လက်မှာကိုင်ထားကာ စျေးလာရောင်းတဲ့ ကောင်လေးတစ်ယောက်….။
ကျွန်တော် ငုံးဥပြုတ်ကို စားချင်စိတ်မရှိပေမယ့် ဒီကောင်လေးကိုကြည့်ပြီး သနားသွားတာနဲ့ တစ်ထုပ်လောက်တော့ အားပေးအုံးမှပါလေလို့ တွေးမိပြီး…
” တစ်ထုပ် ဘယ်လောက်လဲ ညီလေး”
” တစ်ထုပ်ကို တစ်ထောင်ပါ အကို”
ကျွန်တော် ငုံးဥပြုတ်တစ်ထုပ်ကိုယူလိုက်ပြီး ပိုက်ဆံရှင်းဖို့ အိတ်ထဲကို လက်နှိုက်ပြီးပိုက်ဆံယူလိုက်တော့ တစ်ထောင်တန် သုံးရွက်ပါလာတာနဲ့….
” ရော့ ညီလေးရေ…ငုံးဥပြုတ်ဖိုးက တစ်ထောင်….. ပိုတဲ့ နှစ်ထောင်ကို ညီလေး ယူလိုက်နော်” ဆိုပြီး ပြောလိုက်တော့ ဒီကောင်လေးရဲ့ မျက်နှာမှာ “မာန အရိပ်ကလေးတွေ” ယှက်သမ်းသွားတာကို မြင်လိုက်ရပြီး ကောင်လေးက ခါးခါးသီးသီးနဲ့….
” ဟာ…သူများပိုက်ဆံ အလကား မယူဘူး ကိုကြီး… ကျွန်တော့် ငုံးဥပြုတ်ဖိုးပဲ ကျွန်တော် ယူမယ်.. ကိုကြီး သုံးထောင်ပေးရင် ငုံးဥပြုတ် သုံးထုပ်ရမယ်” တဲ့လေ…။
ဒါနဲ့ ကျွန်တော်လည်း ငုံးဥပြုတ် သုံးထုပ်အားပေးလိုက်ပါတယ်…။
💡 ထားသင့်တဲ့ မာနနဲ့ လူသားတစ်ယောက်ရဲ့ အဆင့်အတန်း
ကြိုက်တယ်ဗျာ… အဲလိုစိတ်ထားမျိုးကို ကျွန်တော်ကြိုက်တာ…။ လူတစ်ယောက်မှာ “ထားသင့်တဲ့ မာနနဲ့ မထားသင့်တဲ့ မာန” ဆိုပြီး မာန နှစ်မျိုးရှိတယ်…။
ဒီကောင်လေးရဲ့ မိမိကိုယ်ကို သိမ်ငယ်စိတ်မဝင်အောင် ထားရှိတဲ့ စိတ်ထားက ထားသင့်တဲ့ မာနအမျိုးအစားပေပဲ…။
ကျွန်တော် သူ့စိတ်ထားနဲ့ ဘဝကို အရှုံးမပေးတဲ့ စိတ်ဓာတ်ကို တော်တော်လေး သဘောကျသွားတယ်ဗျာ…။
ဒီခေတ်ကြီးမှာ ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းကြတဲ့ တစ်ချို့တစ်ချို့သော သူတွေတောင် အလုပ်မလုပ်ချင်ကြပဲ ခိုးဆိုး၊ လုယက်၊ သူတစ်ပါးအပေါ် ဖျံကျနေကြတဲ့အချိန်မှာ… ဒီလိုကိုယ်လက်အင်္ဂါမသန်စွမ်းသူတစ်ယောက်ရဲ့ “သူတစ်ပါးဆီက အချောင်မလိုချင်တဲ့စိတ်ထား” ကို လေးစားတယ်ဗျာ…။
”မသန်စွမ်းသူ” ဆိုတာ ဒီလိုလူမျိုးကိုခေါ်တာ… ဟုတ်တယ်.. ဒီကောင်လေးဟာ မသန်ပေမယ့် စွမ်းတဲ့ကောင်လေးတစ်ယောက်…။
”အဆင့်အတန်း” (Standard) ရှိတဲ့ လူသားတစ်ယောက်…။
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ကျွန်တော်ကတော့ သူ့ရဲ့ကြိုးစားအားထုတ်မှု ၊ စိတ်နေစိတ်ထားတွေနဲ့ပဲ အကဲဖြတ်ပါတယ်…။
လူတစ်ယောက်ဟာ အိမ်တွေ၊ ခြံတွေ၊ တိုက်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ပင်များပြားနေပါစေ… သူ့ပိုင်ဆိုင်မှုတွေဟာ သမ္မာအာဇီဝကျကျနဲ့ ရှာဖွေပြီးရလာတာမဟုတ်ပဲ၊ သူတစ်ပါးမျက်ရည်ကြီးငယ်ကျပြီးမှ ရရှိလာတာဆိုရင် ဒီလိုလူမျိုးကို ဘာကောင်ကြီးပဲဖြစ်နေပါစေ… အဆင့်အတန်းမရှိတဲ့သူတစ်ယောက်လို့ ကျွန်တော်က သတ်မှတ်ပါတယ်….။
ဒီကောင်လေးဟာ ဘဝပေးအခြေအနေတွေကြောင့် ဒုက္ခတွေ များပြားနေပေမယ့် “ဒုက္ခိတ လူသား” လို့ မခေါ်ဆိုထိုက်ပါဘူး….။
စိတ်ကောင်းနှလုံးကောင်းရှိပြီး ဘဝကို အရှုံးမပေးပဲ ကြိုးစားနေတဲ့အတွက် မကြာခင်မှာ ကောင်းကျိုးချမ်းသာတွေနဲ့ ပြည့်စုံခံစားရမယ့် “သုခိတလူသား” လေးလို့ ကျွန်တော် နာမည်ပေးလိုက်ရပါတယ်…။ 😊
(မှတ်ချက်) 👉 အဲဒီနေ့က မီးပွိုင့်စိမ်းသွားလို့ ကောင်လေးရဲ့ ဓာတ်ပုံမရိုက်ခဲ့ရတဲ့အတွက် နောက်တစ်ခါ အဲဒီမီးပွိုင့်မှာ ထပ်ဆုံတော့ ငုံးဥပြုတ်ဝယ်ရင်း ကောင်လေးရဲ့ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံရိုက်ယူလာပြီး ဒီစာလေးကို ရေးသားလိုက်ပါသည်….။
စာရေးသူ 🖍 Yan Naing
နိုင် ဖိနပ်ဆိုင်
ယုဇနဥယျာဥ်မြို့တော်။


Leave a Reply