ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်
အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို ၃ရက်ကြာထိုးစစ်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကုက္ကိုလ်စုကို သိမ်းရတာအတည်ပြုတယ်။နောက်ဆက်တွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်”လို့ ပေါက်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းတယ်လို့လည်း သိရပါတယ်။
ကုက္ကိုလ်စုရွာ စတင်တိုက်ခိုက်ခံရချိန်ကစပြီး နေပြည်တော်၊မန္တလေးက စစ်ကောင်စီလူကြီးတွေကို အကူအညီတောင်းခံခဲ့ပြီး လက်နက်ခဲယမ်း နဲ့ လေကြောင်းပစ်ကူစံချိန်တင်ပေးခဲ့တယ်လို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က သူရဲ့လူမှုကွန်ယက်ကတဆင့် ဇွန် ၃ ရက်က အသိပေးထားပါတယ်။
“ကုက္ကိုလ်စုမှာ စစ်တပ်နဲ့ ပြည်သူ့စစ် ၃၀၀ ၀န်းကျင်ရှိပြီး တဖက်အဖွဲ့တွေက အင်အား ၅၀၀ နဲ့ ၇၀၀ ရှိတယ်။ဥဇင်းတို့လည်း ရှိသမျှ လူကြီးတွေဆီ အကုန်ပို့တာပဲ။သိသိချင်းပဲ အကုန်လုံးလည်း ဆောင်ရွက်ပေးကြပါတယ်။ခဲယမ်းလက်နက်ကလည်း အချိန်မီတော်တော် ကြီးကိုရောက်တယ်ပြောရမှာပဲ။နေပြည်တော်ရော မန္တလေးရော အကုန်ပို့ပေးတာပဲ။လုပ်ပေးနိုင်တဲ့လူကြီးတွေဆီပေါ့။လေယာဉ်ဆိုလည်း စံချိန်မီ ပြောရမှာပဲ”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့ရဲ့ အန္တရာယ်ဟာ ကုက္ကိုလ်စုတိုက်ပွဲက ဆုံးဖြတ်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုဇွန်လ ၂ ရက်မှာ ပေါက်မြို့နယ်အရှေ့ခြမ်းက ရေပြာရဲစခန်းကို တော်လှန်ရေးတပ်တွေက ကနဦးသိမ်းပိုက်ခဲ့ပြီး (၂)မိုင်ခန့်အကွာက ကုက္ကိုလ်စုရွာကို ထပ်မံထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
မကွေးတိုင်းက မြို့နယ်တွေထဲမှာ ပေါက်မြို့နယ်ဟာ စစ်တပ်အမာခံ ကျေးရွာအများစုရှိပြီး ဇီးပြား၊ ဝန်ကျုံး၊ သစ်ချိုကုန်း၊ ကုက္ကိုလ်စု နဲ့ အင်မထီးရွာတွေဟာ ဒေသတွင်း ပျူစောထီးရွာကြီးတွေ အဖြစ် နာမည်ကျော်ပါတယ်။
ပေါက်မြို့နယ်နဲ့ကပ်လျက်ရှိတဲ့ မြိုင်မြို့နယ်မှာလည်း စစ်တပ်အခြေစိုက်ထားတဲ့ သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်က ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ထားပါတယ်။
(မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်အပြီး အောင်ပွဲခံနေစဉ်။ ဓာတ်ပုံ – KoKo Paing/FB)


Leave a Reply