အိမ်ရှင်နဲ့ ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ ထောင်ဒဏ် (၁၀) လ ချမှတ်ခံရ
စင်ကာပူနိုင်ငံမှာ အိမ်အကူ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ စလော့ဂိမ်း အွန်လိုင်းလောင်းကစား စွဲလမ်းနေပြီး အိမ်ရှင်ရဲ့ အသက် (၁၁) နှစ်နဲ့ (၁၂) နှစ်အရွယ် ကလေးတွေ စုထားတဲ့ စင်ကာပူဒေါ်လာ (၁၇,၀၀၀) (မြန်မာငွေ သိန်း ၅၆၀ ကျော်) ကို ခိုးယူခဲ့လို့ ထောင်ဒဏ် (၁၀) လ ချမှတ်ခံလိုက်ရပါတယ်။
ပြစ်မှုကျူးလွန်သူ မအေးစုနိုင် (အသက် ၂၇ နှစ်) ဟာ ဇွန်လ (၃) ရက်နေ့က တရားရုံးမှာ သူမရဲ့ အပြစ်ကို ဝန်ခံခဲ့ပါတယ်။
တရားရုံးမှတ်တမ်းတွေအရ မအေးစုနိုင်ဟာ Queen Astrid Park မှ အိမ်တစ်အိမ်မှာ ၂၀၂၅ ခုနှစ် မတ်လကတည်းက အလုပ်ဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ Facebook ပေါ်ကနေ စလော့ဂိမ်းတစ်ခုကို တွေ့ပြီး ဒေါင်းလုဒ်ဆွဲ ဆော့မိရာကနေ ပြဿနာ စခဲ့တာလို့ ဆိုပါတယ်။
မြန်မာငွေနဲ့ ငွေသွင်းပြီး ဆော့ရတဲ့ စလော့ဂိမ်းဆော့ဖို့ ငွေလိုလာတဲ့အခါ အိမ်ရှင်ရဲ့ ကလေးတွေဆီကနေ ပိုက်ဆံကို ခိုးဖို့ စိတ်ကူးမိသွားခဲ့ပါတယ်။
သူမဟာ ကလေးတွေရဲ့ အခန်းထဲရှိ အံဆွဲတစ်ခုထဲမှာ သော့နဲ့ ပိုက်ဆံတွေထည့်ထားတဲ့ အပြာရောင် သေတ္တာတစ်လုံးကို ရှာတွေ့သွားခဲ့ပါတယ်။
ထို့နောက် ပထမဆုံးအကြိမ်အဖြစ် သေတ္တာကိုဖွင့်ပြီး စင်ကာပူဒေါ်လာ (၁,၀၀၀) ကို ခိုးယူခဲ့ပါတယ်။
ခိုးယူထားတဲ့ စင်ကာပူဒေါ်လာကို အပြင်မှ အမျိုးသားတစ်ယောက်နဲ့ချိတ်ပြီး မြန်မာငွေပြောင်းကာ ဂိမ်းအကောင့်ထဲ ထည့်ဆော့ခဲ့ပေမဲ့ ခဏလေးအတွင်းမှာပင် အကုန်ရှုံးသွားခဲ့ပါတယ်။
မအေးစုနိုင်ဟာ စလော့ဂိမ်းရှုံးရာကနေ ပိုက်ဆံလိုအပ်ချက်က တိုးတိုးလာခဲ့ပါတယ်။
ရှုံးသွားတဲ့ ပိုက်ဆံတွေ ပြန်လိုချင်တဲ့ဇောနဲ့ နောက်ထပ် (၂) ရက် ဆက်တိုက် ထပ်ခိုးခဲ့ပါသေးတယ်။
နောက်ထပ် ရက်ပိုင်းအကြာမှာလည်း စင်ကာပူဒေါ်လာ (၄,၆၀၀) ကို ထပ်မံ ခိုးယူခဲ့ပြန်ပါတယ်။
စလော့ဂိမ်းစွဲပြီး ရှုံးပြီးရင်းရှုံးကာ ပိုက်ဆံ အသည်းအသန် လိုနေတဲ့ မြန်မာအိမ်အကူဟာ နောက်ဆုံးမှာ စုစုပေါင်း စင်ကာပူဒေါ်လာ (၆,၀၀၀) ရှိတဲ့ စာအိတ်အနီ (၆) အိတ်ကို တွေ့သွားပါတယ်။
အိမ်ရှင်သူဌေးတွေ ရိပ်မိမှာစိုးလို့ စာအိတ်တစ်အိတ်စီမှာ ဒေါ်လာ (၁၀၀) စီသာ ချန်ထားခဲ့ကာ ကျန်တဲ့ ဒေါ်လာ (၅,၄၀၀) ကို ခိုးယူသွားခဲ့ပါတယ်။

တရားရုံးမှတ်တမ်းတွေအရ သူမ ခိုးယူခဲ့တဲ့ စုစုပေါင်း ပမာဏဟာ စင်ကာပူဒေါ်လာ (၁၇,၀၀၀) အထိ ရှိပါတယ်။
မြန်မာအိမ်အကူက ပိုက်ဆံခိုးပြီးတိုင်း ဒီအမျိုးသားနဲ့တွေ့ပြီး မြန်မာငွေလဲလှယ်ကာ စလော့ဂိမ်းအကောင့်ထဲ ငွေသွင်းခဲ့တာ ဖြစ်ပါတယ်။
မအေးစုနိုင်ရဲ့ ပြောကြားမှုအရ နောက်ပိုင်းမှာ သူမရဲ့ ဂိမ်းအကောင့်ဟာ အပိတ်ခံလိုက်ရလို့ နိုင်ထားတဲ့ ပိုက်ဆံတွေကို ထုတ်လို့မရတော့ဘူးလို့ ဆိုပါတယ်။
သူမဟာ (၃) ကြိမ် နိုင်ခဲ့ဖူးပေမဲ့ တစ်ကြိမ်မှ ထုတ်လို့မရခဲ့ပါဘူး။ မအေးစုနိုင် အကောင့်ဖွင့်ပြီး ဆော့နေတဲ့ စလော့ဂိမ်းဝက်ဘ်ဆိုက်က လိမ်ညာတဲ့ ကျားဖြန့်ဝက်ဘ်ဆိုက် ဖြစ်နိုင်ခြေများတယ်လို့ ယူဆထားပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၇) ရက် ည (၉) နာရီခွဲခန့်မှာ ကလေးတွေက သူတို့ရဲ့ ပိုက်ဆံတွေ ပျောက်နေတာကို သိသွားကြပါတယ်။
ထို့နောက် ကလေးတွေရဲ့ မိခင်က အိမ်အကူ မအေးစုနိုင်ကို စစ်ဆေးမေးမြန်းရာ သူမက ခိုးမိကြောင်း ဝန်ခံခဲ့လို့ ရဲစခန်းကို အကြောင်းကြားလိုက်ရာ အဖမ်းခံခဲ့ရပါတယ်။

တရားလိုပြ ရှေ့နေကတော့ မအေးစုနိုင်ဟာ ကြိုတင်ကြံစည်ပြီး ကလေးတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ တစ်လအတွင်းမှာတင် (၆) ကြိမ်အထိ ခိုးမှုကျူးလွန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ခိုးယူသွားတဲ့ ပိုက်ဆံတွေ ပြန်မလျော်နိုင်သေးဘူးလို့ ထောက်ပြခဲ့ပါတယ်။
မအေးစုနိုင်က သူမအနေနဲ့ အမှားလုပ်မိတာကို သိကြောင်း၊ အိမ်ရှင်သူဌေး မိသားစုကို တောင်းပန်ချင်ကြောင်း လျှောက်လဲခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ သူမရဲ့ မိသားစုဟာ အလွန်ဆင်းရဲလို့ ပိုက်ဆံပြန်လျော်ပေးဖို့ မတတ်နိုင်ကြောင်းနဲ့ မြန်မာနိုင်ငံကိုသာ အမြန်ဆုံး ပြန်ခွင့်ရချင်ပါတယ်လို့ ငိုကြွေးရင် လျှောက်လဲခဲ့ပေမယ့် တရားရုံးက သူမကို ထောင်ဒဏ် (၁၀) လ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။


Leave a Reply