ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ

ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ၊ တိုင်းနှင့်ပြည်နယ် ၈ ခုတွင် မိုးဆက်ကောင်းနိုင်

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ယမန်နေ့ (ဇွန်လ ၄ ရက်) ညက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် ရေကြီးမှုများ ဖြစ်ခဲ့ပြီး နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ ရပ်နားထားသည့် မော်တော်ယာဉ်အချို့ ရေမြုပ်ခြင်းနှင့် ပစ္စည်းအချို့ ရေကြီးမှုကြောင့် ပျက်စီးမှုများရှိခဲ့သည်။

“အလုံမှာက ရေမကြီးတာကြာပြီ။ ညက မိုးကြောင့် အိမ်တွေထဲ ရေတွေဝင်ပြီး တချို့မြေညီထပ်အိမ်တွေဆို တန်ဖိုးကြီးပစ္စည်းတွေ ပျက်စီးမှုတွေ ကြုံခဲ့ရတယ်။

မိုးရာသီစစချင်းမှာတောင် ဒီလိုရေကြီးတာ ကြုံရတော့ မိုးတွင်းမှာ ရေကြီးမှုအတွက် ကြိုပြင်ရတော့မယ့် အခြေအနေပါ” ဟု အလုံမြို့နယ် ဒေသခံတဦးက ပြောသည်။

ရန်ကုန်တွင် ယမန်နေ့ ညက မိုးရွာသွန်းမှုအပြင် လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောထားသည်။

ရေလျှံမှုကြောင့် သက်ဆိုင်ရာ မြို့နယ်မီးသတ်စခန်းများသို့ အကူအညီတောင်းခံမှုလည်းရှိပြီး ကမာရွတ်မြို့နယ်၊ ဘုရင်နောင်ကွန်ဒို ကားပါကင်တွင် ယနေ့ မနက်ပိုင်း၌ ရေမှာ ၁၁ လက်မခန့်အထိ ရေဝင်ရောက်မှုရှိကြောင်း သိရသည်။

“ဒီနေ့ ၁၁ နာရီ ကျော်ကျော်အထိ မုတ္တမကွေ့အပေါ်မှာ အထက်လေပွေလှိုင်း (UACC) လည်း ရှိနေသေးတာကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ လေပြင်းနည်းနည်းနဲ့ မိုးများနိုင်ပါသေးတယ်။
ညနေပိုင်းမှာ တချက် ထပ်ကြည့်ပေးပါမယ်။

နေပူမပြင်းရင် ညက မိုးအရှိန်နဲ့ အစိုဓာတ်ကောင်းကောင်းရသွားပြီမို့ မိုးကြိုးအန္တရာယ်တော့ လျော့သွားမှာပါ“ ဟု ဦးဝင်းနိုင်က ဆိုသည်။

တိုင်းနှင့်ပြည်နယ် ရှစ်ခုတွင် လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းမှု များနိုင်ကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က ယနေ့ (ဇွန်လ ၅ ရက်) နံနက်တွင် ၎င်း၏လူမှုကွန်ရက်မှတဆင့် အသိပေးသည်။

ကပ္ပလီပင်လယ်မြောက်ပိုင်း မုတ္တမကွေ့တွင် ဖြစ်ပေါ်နေသည့် အထက်လေပွေလှိုင်း၏ ရွေ့လျားမှုအခြေအနေကြောင့် မြန်မာတနိုင်ငံလုံးတွင် ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီမှ နောက်တရက် ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီအထိ တနိုင်ငံလုံး မိုးရွာသွန်းနိုင်ကြောင်း ဆိုသည်။

ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် (တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် မိုးများနိုင်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင် မိုးအသင့်အတင့် ရွာသွန်းနိုင်ကြောင်း ဖော်ပြသည်။

အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံ မိုးဇလဌာနကလည်း မုတ်သုံလေကြောင့် မြန်မာတနိုင်ငံလုံး မိုးရွာနိုင်ပြီး နောက်နှစ်ရက်အတွင်း တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနိုင်ကြောင်း ယနေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း မြန်မာတနိုင်ငံလုံး မိုးရွာသွန်းမှုရှိနိုင်ခြင်းနှင့်အတူ ဒေသတချို့တွင် ရက်ဆက်မိုးသည်းထန်ကာ မိုးများနိုင်သည့်အတွက် တောင်ကျချောင်းရေကြီးခြင်းနှင့် လျှပ်တပြတ်ရေကြီးခြင်းများကို ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် မိုးလေဝသဌာနများက တိုက်တွန်းထားသည်။

ရုပ်သံ- ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဆီဆုံလမ်းတွင် ယမန်နေ့ (ဇွန်လ ၄ ရက်) ညပိုင်းက မိုးရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားနေစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *