ပေါက်နယ် ပျူစခန်းသိမ်း တိုက်ပွဲ ထွက်ပြေးတဲ့ စစ်အုပ်စုနဲ့ပျူတွေ အများအပြား ဖမ်းမိ

အလောင်း ၄၀ ကျော်နဲ့ လက်နက် ၃၀ ကျော်လည်း သိမ်းဆည်း ရရှိထားပြီး ဖမ်းမိသူ ၅၀ ကျော်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ဆိုသူရဲ့ တပည့်တွေ အခြေပြုရာ ကုက္ကိုစုရွာ ပျူစောထီးစခန်းနဲ့ ရေပြာရွာ ရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ချိန် ထွက်ပြေးတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး အများအပြားကို ဇွန် ၅ရက် ညနေပိုင်းမှာ ထပ်မံ ဖမ်းဆီးရရှိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ပျူစောထီး လက်နက်ကိုင် ၃၀ လောက်နဲ့ မိသားစု ၄၀ ကျော်၊ စုစုပေါင်း ၇၀ လောက် ထပ်မိတယ်တဲ့” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုနဲ့ ပျူတွေဟာ မိသားစုတွေနဲ့အတူ ကုက္ကိုစုရွာ ပျူစခန်းကနေ မြိုင်နယ် စက်မှု-၂ ရှိ စစ်အုပ်စု ရှိရာဆီ ဦးတည် ထွက်ပြေးချိန် တော်လှန်ရေးတပ်တွေက လမ်းခုလတ်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ပေါက်ကိုပြေးဖို့ လမ်းပိတ်နေတော့ စက်မှုကို ဦးတည်ပြေးကြတာ။ အကုန်နီးပါး မိပါတယ်။ လေးငါးယောက်လောက်ပဲ ကျန်တာ။ အဲဒီလူတွေလည်း မိနိုင်ပါတယ်” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်နက်နဲ့ လူအင်အား အပြည့်အစုံရှိတယ်လို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ဆိုသူက ဂုဏ်ယူဝံ့ကြွားလေ့ရှိပြီး စစ်အုပ်စုနဲ့ ပျူစောထီး စုစုပေါင်း အင်အား ၃၀၀ လောက် အထိုင်ချ တပ်စွဲထားတဲ့ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ ပျူစခန်းနဲ့ ရေပြာရွာ ရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေက ဇွန် ၂ရက်နဲ့ ဇွန် ၄ရက်တွေမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်

အဲ့ဒီ ပျူစခန်းနဲ့ ရဲစခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်အုပ်စုနဲ့ ပျူ ၄၀ ကျော် သေကာ ၆၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၃၀ ကျော် သိမ်းဆည်း ရရှိပြီး သုံ့ပန်းတွေလည်း ဖမ်းမိထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ရဲနဲ့ပျူတွေ ၄၀ ကျော်လောက် သေတယ်၊ အရှင်ဖမ်းမိတာလည်း များတယ်၊ ဖမ်းမိတာက ရဲရော ပျူစောထီးရောပေါ့၊ လက်နက်တွေ၊ ကျည်တွေတွေ ရိက္ခာတွေလည်း အများကြီး ရထားတယ်”

ဇွန် ၅ ရက်မှာ နောက်ထပ် ပျူစောထီး ၃၀ လောက် ထပ်မံ ဖမ်းမိတာကြောင့် စုစုပေါင်း ဖမ်းမိတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး ၅၀ ထက်မနည်း ရှိနေပြီလို့ ဆိုပါတယ်။

ဇွန် ၂ ရက်မှာ ရေပြာရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ နာရီပိုင်းအတွင်း သိမ်းပိုက် နိုင်ခဲ့ပြီး ရဲပြာရွာရဲစခန်းရှိ စစ်အုပ်စု ရဲတွေဟာ ကုက္ကိုစုရွာ ပျူစခန်းဘက် ထွက်ပြေးခိုအောင်းသွားလို့ တော်လှန်ရေး တပ်တွေက ဇွန် ၄ရက်မှာ ကုက္ကိုစုရွာ ပျူစခန်းကို ဆက်လက် တိုက်ခိုက်ခဲ့ရာ နာရီပိုင်းအကြာမှာ ထပ်မံ စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ကုက္ကိုစုရွာ ပျူစခန်းသိမ်း တိုက်ပွဲအတွင်း ပေါက်ကိုယ်တော် လက်အောက်ခံ ပျူစောထီးတွေ အများအပြား သေဆုံးပြီး ရေပြာရွာရဲစခန်းကနေ ထွက်ပြေးလာတဲ့ ရဲတွေကတော့ အသေမခံဘဲ ထပ်မံ ထွက်ပြေးကြရာ တော်လှန်ရေးတပ်တွေက ထွက်ပြေးသူတွေကို လိုက်လံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ကုက္ကိုစုရွာ ပျူစောထီးစခန်းမှာ လက်နက်နဲ့ လူအင်အားတွေ လုံလုံလောက်လောက် ရှိတယ်လို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ဆိုသူက ကြွေးကြော်ထားပေမဲ့ တော်လှန်ရေး တပ်တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကုက္ကိုစုရွာ ပျူစောထီးစခန်းကို ကျေးရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတာ ဖြစ်ပြီး သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့ တောင်းဆိုမှုကြောင့် အာဏာသိမ်း စစ်အုပ်စုက လက်နက်နဲ့ ခဲယမ်းတွေ ချပေးထားလို့ ကုက္ကိုစုဟာ ပေါက်မြို့နယ်အတွင်း အင်အားကောင်းတဲ့ ပျူစောထီး စခန်းတစ်ခု ဖြစ်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ရေပြာရွာရဲစခန်းကတော့ ပုသိမ်-မုံရွာ လမ်းပေါ်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ နေရာမှာ တည်ရှိကာ စစ်အုပ်စုက လမ်းပေါ်တက် ဂိတ်ဖွင့်ငွေညှစ်တာတွေ ကျူးလွန်လေ့ရှိတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်နယ်ရှိ ကုက္ကိုစုနဲ့ရေပြာရွာ ပျူစခန်းနဲ့ရဲစခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချိန် စစ်ကူ၊ ပစ်ကူပေးဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဆိုသူက အာဏာသိမ်း စစ်အုပ်စုထံ တောင်းဆိုခဲ့ပေမဲ့ လုံလောက်တဲ့ စစ်ကူမရခဲ့ကြောင်းနဲ့ ကုက္ကိုစုနဲ့ ရေပြာ စခန်းတွေ ကျဆုံးတာဟာ ပေါက်မြို့ အတွက်ပါ ရှုံးနိမ့်တာ ဖြစ်တယ်လို့ သင်္ကန်းဝတ် ပျူစောထီး ခေါင်းဆောင် ပေါက်ကိုယ်တော် ဆိုသူက ပြောပါတယ်။

တချိန်တည်းမှာပဲ ကုက္ကိုစုရွာထဲရှိ ငတ်ပြတ်နေတဲ့ ပြည်သူ ၂၀၀ ခန့်ကိုလည်း တော်လှန်ရေးတပ်တွေက ကယ်ထုတ် လာပြီး အစားအသောက်တွေ ကျွေးမွေးစောင့်ရှောက်ကာ ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာမှ လက်နက်မချဘဲ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်တပ်၏ အားအထားရဆုံး ပျူစောထီးကျေးရွာတစ်ရွာဖြစ်သော ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် လက်နက်မချဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ပျူစောထီးအဖွဲ့ဝင် ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ပေါက်မြို့နယ်အတွင်း ပျူစောထီးအင်အား ရာချီရှိပြီး ပေါက်ကိုယ်တော် (အာရိယာဝံသ) ၏ အားအထားရဆုံး ခံတပ်ဖြစ်သည့် ကုက္ကိုလ်စုကျေးရွာနှင့် ရေပြာရဲစခန်းတို့မှာ ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်မှုအောက်သို့ ကျရောက်ခဲ့သည်။

ထိုသို့ ကျေးရွာကျဆုံးသွားပြီးနောက် ရွာအတွင်းရှိ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် လက်နက်မချဘဲ မြိုင်မြို့နယ်ရှိ စက်မှုဇုန် ၂ ဘက်သို့ လက်နက်အပြည့်အစုံဖြင့် တိတ်တဆိတ် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့ကြသည်။

၎င်းတို့၏ လက်နက်ကိုင်ဆောင် ထွက်ပြေးမှုကြောင့် လမ်းခရီးတစ်လျှောက်တွင် ဒေသခံပြည်သူများ အထိတ် တလန့်ဖြစ်ကာ အနည်းဆုံး ကျေးရွာ ၅ ရွာခန့်မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်နက်ကိုင်ဆောင် ထွက်ပြေးသွားသည့် ပျူစောထီးများကို ဖမ်းဆီးနိုင်ရန်အတွက် အညာမြေတပ်ပေါင်းစုနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီး ပူးပေါင်းကာ ကင်းထောက်ခြင်းနှင့် တောနင်းရှာဖွေခြင်းများကို မနားမနေ လုပ်ဆောင်ခဲ့ကြရာ ရလဒ်အနေဖြင့် ဇွန်လ ၅ ရက် ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် ပေါက်မြို့နယ် တောတွင်းတစ်နေရာ၌ ထိုပျူစောထီးအဖွဲ့ကို အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ကုက္ကိုစုပျူရွာကနေထွက်ပြေးတဲ့ ပြည်သူ့ စစ် ၅၀ ကျော်ကို ပထမ ဖမ်းဆီးရရှိတယ်။ နောက်ထပ် ၂၀ ကျော် ထပ် မိတယ်။အားလုံးကိုကျနော်တို့ ဘာမှ မလုပ်ပါဘူး။ လူသားချင်းစာနာထောက်ထားမှုနဲ့ ထိန်းသိမ်းထားပါတယ်။ ဥပဒေနဲ့အညီပဲ ထိန်းသိမ်းထားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

သို့သော်လည်း ယင်းအဖွဲ့ကို ဦးဆောင်လာသည့် ကုက္ကိုလ်စု ပျူစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီတပ်သား ၅ ဦး (စုစုပေါင်း ၆ ဦး) သည် ၎င်းတို့ခေါ်ဆောင်လာသည့် ပျူစောထီးများနှင့် မိသားစုဝင်များကို စွန့်ပစ်ကာ နယ်မြေကျွမ်းကျင်မှုကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လက်ရှိအချိန်အထိ ၎င်းတို့ ၆ ဦးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

ဖမ်းဆီးရမိသည့် ပျူစောထီးများနှင့် မိသားစုဝင်များသည် ကနဦးတွင် လက်နက်မချဘဲ ပြန်လည်ခုခံမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions) ဥပဒေများနှင့်အညီ စစ်သုံ့ပန်းအဖြစ် သတ်မှတ်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တပ်ပေါင်းစု၏ ထုတ်ပြန်ချက်အရ သိရသည်။

Video – ဒေသခံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *