မလေးရှားရောက် မြန်မာများကို အလုပ်ရှာပေးမည်ဟုဆိုကာ ဂိုဏ်းဖွဲ့ပြီး မြန်မာအချင်းချင်း ငွေညှစ်ကာ နှိပ်စက်မှုများရှိနေ

မလေးရှားနိုင်ငံတွင် လက်ရှိအလုပ်အကိုင် အခွင့်အလမ်းများ အလွန်ရှားပါးနေချိန်၌ TikTok အပါအဝင် လူမှုကွန်ရက်စာမျက်နှာပေါ်က အလုပ်ကြော်ငြာများကို အယုံလွယ်ပြီး လာရောက်ကြသူ မြန်မာလုပ်သားများအနေဖြင့် မြန်မာပွဲစားအဖွဲ့အစည်းများ၏ ငွေညှစ်မှုများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း မြေပြင်ရှိ မြန်မာလုပ်သားတစ်ဦးက သတင်းပေးပို့လာပါသည်။

အဆိုပါ မြန်မာလုပ်သား၏ ပြောပြချက်အရ လိမ်လည်သူ မြန်မာပွဲစားများသည် TikTok ပေါ်တွင် အလုပ်အကိုင်ကောင်းများရမည်ဟု အယောင်ပြကာ အလုပ်သမားများကို ဆွဲဆောင်လေ့ရှိကြောင်း ၊ ၎င်းတို့ညွှန်ပြသည့်နေရာသို့ အလုပ်သမားများ ရောက်ရှိသွားသည့်အခါတွင်မူ မလေးရှားရန်းဂစ်ငွေ ၈၀၀ မှစ၍ မရရအောင် နည်းမျိုးစုံဖြင့် ငွေညှစ်ပြီး နောက်ဆုံးတွင် ရန်းဂစ် ၄,၀၀၀ ခန့်အထိ မတရားတောင်းခံမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ပွဲစားများသည် အလုပ်သမားများကို ၎င်းတို့၏ ယာယီအိမ်ရာများသို့ ခေါ်ဆောင်သွားလေ့ရှိသော်လည်း ထိုနေရာများမှာ ၎င်းတို့၏ နေရာအမှန်မဟုတ်ဘဲ အလုပ်သမားများက မေးမြန်းသည့်အခါတွင်လည်း လိပ်စာအမှန်ကို လုံးဝပြောပြခြင်း မရှိပေ။

ထို့နောက် ” အလုပ်ရမှာ သေချာတယ်၊ ခဏစောင့်ပါ” ဟု အချိန်ဆွဲလှည့်စားကာ ပိုက်ဆံများကိုသာ အရင်တောင်းယူပြီး အမှန်တကယ်တွင်မူ အလုပ်ရှာဖွေပေးခြင်း လုံးဝမရှိကြောင်း သိရသည်။
ပိုမိုဆိုးရွားသည့် အခြေအနေတစ်ခုမှာ အချို့သော မြန်မာပွဲစားများသည် မလေးရှားရှိ လုပ်ငန်းရှင်အချို့နှင့် စနစ်တကျပူးပေါင်းကာ လုပ်စားနေကြခြင်း ဖြစ်သည်။

အလုပ်သမားများကို အလုပ်တစ်ခုတွင် ၄ ရက်၊ ၅ ရက်ခန့်သာ လုပ်ကိုင်ခွင့်ပေးပြီးနောက် အလုပ်ရှင်ဘက်က အလုပ်ထုတ်ပစ်သည့်နည်းလမ်းဖြင့် လုပ်ခလစာမပေးဘဲ နှင်ထုတ်လေ့ရှိသည်။

ထိုသို့ဖြစ်ပွားပြီးပါက ပွဲစားဖြစ်သူက နောက်ထပ်အလုပ်အသစ် ရှာဖွေပေးခြင်း မရှိတော့သည့်အပြင် ကြိုတင်ယူထားသည့် အကျိုးဆောင်ခများကိုလည်း ပြန်လည်ပေးအပ်ခြင်း မရှိတော့ပေ။

“ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဒါမျိုးကြုံဖူးပါတယ်။ အခုနောက်ပိုင်း ပိုက်ဆံအလိမ်ခံရတဲ့သူတွေ အရမ်းများလာသလို၊ လောလောဆယ် မြန်မာပွဲစားတွေရဲ့ လက်ချက်နဲ့ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ မြန်မာအလုပ်သမား နှစ်ယောက်လောက် ရှိနေပါတယ်” ဟု အဆိုပါ မြန်မာလုပ်သားက ၎င်း၏ မြေပြင်အတွေ့အကြုံကို ပြောပြသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာကြသည့် မြန်မာလုပ်သားများသည် ၎င်းတို့၏ အခြေအနေအရ သက်ဆိုင်ရာသို့ တိုင်ကြားရန် အခက်အခဲရှိနေသည်ကို အခွင့်ကောင်းယူကာ မြန်မာအချင်းချင်း အဖွဲ့အစည်းလိုက် ဖွဲ့ပြီး ရက်ရက်စက်စက် လိမ်လည်လုပ်စားနေကြခြင်း ဖြစ်သည်။

အဆိုပါ ရင်ဖွင့်လာသူ မြန်မာလုပ်သားက “ကျွန်တော် ပြောချင်တာက မြန်မာတွေကို အယုံမလွယ်စေချင်ဘူးဗျာ။ လက်ရှိ မလေးရှားမှာက အလုပ်အကိုင် အရမ်းရှားပါးနေတဲ့ အချိန်ပါ။ တကယ်လို့ လာမယ်ဆိုရင်တောင် လိုင်းပေါ်က ကြော်ငြာတွေကို မယုံဘဲ မြေပြင်မှာ ကိုယ်တိုင်ယုံကြည်စိတ်ချရတဲ့ လူခံ၊ သူငယ်ချင်း မိတ်ဆွေအသိုင်းအဝိုင်း သေချာရှိမှသာ ဒီမလေးရှားနိုင်ငံကို လာစေချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရုပ်သံ-ပေးပို့

ရုပ်သံစာ- ပွဲစားများ နှိပ်စက်ခံခဲ့ရသည့် မြန်မာလုပ်သားတစ်ဦး


Comments

Leave a Reply

Your email address will not be published. Required fields are marked *