ရန်ကုန်၊ လှိုင်က ရပ်ကွက်တချို့မှာ မြေကြီးထဲကတုန်ခါသံကြားလို့ စိုးရိမ်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာ ဒီနေ့ မနက် ၆ နာရီခွဲခန့်မှာ စက္ကန့်ပိုင်းမျှ မြေကြီးတုန်ခါတဲ့အသံကြားရပြီး မြေကျွံမယ့်အန္တရာယ်ကိုစိုးရိမ်မိတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။

“အပေါ်ဆုံးထပ်ကနေတောင် ဒုတ် ဒုတ် ဆိုတဲ့ အသံကိုကြားလိုက်ရတယ်။ မနက် ဟင်းချက်နေတဲ့ အချိန်ဆိုတော့ ဘေးမှာ အဆောက်အဦဖြိုတယ်လို့ထင်လိုက်တာ။ အိပ်ယာထဲလှဲနေတဲ့ အမျိုးသား ကတော့ ငလျင်လှုပ်သလိုခံစားရတယ်တဲ့။ ခဏလေးပဲ” လို့ လှိုင်မြို့နယ်၊ ၇ ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

အင်းလျားကန်အနီး ကန်လမ်း၊ ၁၀ ရပ်ကွက်မှာနေထိုင်သူတချို့လည်း ဒီဖြစ်စဉ်ကိုသိလိုက်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ကန်လမ်းအနီး အင်းစိန်လမ်းမကြီးပေါ်က ၉ ရပ်ကွက် လူနေတိုက်ခန်းပေါ်မှာ နေထိုင်သူတွေ ကတော့ ဒီတုန်ခါမှုကို မသိလိုက်ဘူးလို့ ဆိုကြပါတယ်။

“အဲ့အချိန် မတ်တပ်ရပ်ရင်းဟင်းချက်နေတာပါပဲ၊ အသံလည်းမကြားရဘူး။ ဘယ်လိုမှ မနေဘူး” လို့ ၉ ရပ်ကွက်နေ အိမ်ရှင်မတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အထပ်မြင့်တိုက်ခန်းတွေထူထပ်လို့ မြေကျွံကျကာ၊ တိုက်တာပြိုကျတဲ့ ဖြစ်စဉ်တွေဖြစ်မှာ စိုးရိမ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်းရေးသားနေကြပါတယ်။

ဒါပေမဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသာမက ထိုင်းရော အမေရိကန်ရဲ့ ငလျင်စောင့်ကြည့်ရေးဝဘ်ဆိုဒ်စာမျက်နှာတွေမှာပါ ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့ကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားကြောင်း ဖော်ပြတာ မတွေ့ရပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံငလျင်ကော်မတီကို မေးမြန်းဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

​ဒီနေ့မနက် (၆) နာရီခွဲဝန်းကျင်လောက်က လှိုင်မြို့နယ်ထဲမှာ ငလျင်လှုပ်သလိုမျိုး တုန်ခါမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ပုံမှန်ငလျင်တွေလို ဘေးဘယ်ညာ လှုပ်ခါတာမျိုးမဟုတ်ဘဲ အိမ်တစ်လုံးလုံး အောက်ကို ဒုန်းကနဲ ဆောင့်ချပြီး ကျွံဝင်သွားသလိုမျိုး ခံစားခဲ့ရတယ်လို့ သိရပါတယ်။

​တခြားမြို့နယ်တွေနဲ့ သတင်းစာမျက်နှာတွေမှာတော့ ထူးထူးခြားခြား တင်ထားတာမျိုး မတွေ့ရသေးပါဘူး။

လောလောဆယ် လှိုင်မြို့နယ်က ရပ်ကွက်တချို့ရဲ့ အခြေအနေတွေကတော့ —

​၁၆ ရပ်ကွက်၊ ၇ ရပ်ကွက်နဲ့ ၁၀ ရပ်ကွက် တဝိုက်က ပြည်သူတွေ အဓိက ခံစားလိုက်ရပြီး လူတွေလည်း အတော်လေး လန့်ဖျပ်သွားကြပါတယ်။

​တရားထိုင်နေရင်း ကြမ်းပြင်ကနေ အောက်ကို ဆောင့်ချလိုက်သလို အထင်အရှား သိလိုက်ရသူတွေလည်း ရှိပါတယ်။

​ဒါဟာ မနေ့က မိုးသည်းထန်စွာ ရွာသွန်းထားတာ၊ ပတ်ပတ်လည်မှာ ကွန်ဒို (Condo) အထပ်မြင့် အဆောက်အအုံတွေ ဝိုင်းနေတာနဲ့ မြေအောက်ရေ သုံးစွဲမှု များပြားတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြေကျွံမှု (သို့မဟုတ်) မြေနိမ့်ဆင်းမှု ဖြစ်နိုင်ခြေ ရှိမရှိ စိုးရိမ်ပူပန်နေကြပါတယ်။

အနီးအနားမှာ အင်းလျားကန်ကြီးလည်း ရှိနေတာမို့ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းဖို့ ဆုတောင်းရင်း သတိဝီရိယ အပြည့်နဲ့ နေထိုင်ကြပါရန် နှိုးဆော်လိုက်ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *