ဖခင်နေရာကို ဆက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို စိန်ခေါ်တဲ့ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပေါင်းတလည်တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံသူ သားဖြစ်သူ စိုင်းသီဟ ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံထားသူ ၎င်း၏သားဖြစ်သူ ပျူစောထီး စိုင်းသီဟ (ခ) ချိုကြီးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ၏ ပြောကြားချက်အရ သိရသည်။

ဇွန်လ ၄ ရက်နေ့တွင် ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင် ခွေးရဲရွာမအုပ်စု၊ ချဉ့်ရုတ်ကုန်းရွာ၌ နေထိုင်သော စိုင်းသီဟသည် ပေါင်းတလည်မြို့မရဲစခန်းမှ ရွာသို့ ပြန်လာစဉ် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၃) နှင့် ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) မှ ရဲဘော်များက လမ်းမှ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးရာတွင် ၎င်းကို အရှင်ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် စခန်းသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာစဉ် လမ်းခရီး၌ ဆိုင်ကယ်ကို ဆွဲလဲကာ သေနတ်လုယူထွက်ပြေးရန် ကြိုးပမ်းခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ စိုင်းသီဟသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်မှ စိန်ခေါ်ခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ပေါင်းတလည် ကျောင်းကြီးမြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ခြင်း၊ အပြင် နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်များထံမှ လိုင်းကြေးကောက်ခံကာ စစ်တပ်ကို ထောက်ပံ့ခြင်းများ ပြုလုပ်နေသူ ဖြစ်သည်။

၎င်းသည် ပြည် ဒကစ လက်အောက်ခံ ခလရ ၇၅ တပ်ရင်းတွင် ပျူစောထီးသင်တန်း အပတ်စဉ် ၁ တက်ရောက်ထားသူဖြစ်ပြီး စစ်ကောင်စီက ပေးအပ်သည့် လစာငွေ ၂၇၀,၀၀၀ ကျပ်၊ ဆန် ၈ ပြည်နှင့် ဆီ ၅၀ သား ရရှိနေသူလည်း ဖြစ်သည်။

ပြည်ခရိုင်တပ်ရင်း (၁) မှ ရဲဘော် Shadow ၏ ပြောပြချက်အရ စိုင်းသီဟနှင့် ၎င်း၏ဖခင်ဖြစ်သူ လှမြင့်တို့ သားအဖနှစ်ဦးလုံးသည် ပျူစောထီးသင်တန်း အပတ်စဉ် ၁ ဆင်းများ ဖြစ်ကြပြီး ဖခင်ဖြစ်သူကို တိုက်ခိုက်ပြီးနောက်ပိုင်း သားဖြစ်သူမှာ ငြိမ်သက်သွားခြင်းမရှိဘဲ ဖခင်ထက် ပိုမိုဆိုးသွမ်းလာသည့်အတွက် ယခုကဲ့သို့ သွားရောက်ဖမ်းဆီး တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းသီဟ၏ ဖခင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် လှမြင့်သည်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပေါင်းတလည်မြို့အပိုင် ဝန်တင်ဆိပ်ကျေးရွာအနီးတွင် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေးရဲဘော်များ၏ အရှင်ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသည်။

သို့သော် ၎င်းသည်လည်း စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လမ်းခုလတ်၌ ပြန်လည်ခုခံထွက်ပြေးသဖြင့် ရဲဘော်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ဖူးကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *