မြစ်ခြေမြို့ပေါ် မီးလောင်ပြင်တွင် စစ်တပ်က မီးရှို့သတ်ဖြတ်ထားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိရသဖြင့် သတ်ဖြတ်ခံရသူ ၅၀ နီးပါးရှိလာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ် မီးလောင်ပြင်တွင် အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ထားသော ပြည်သူ ၅ ဦးရုပ်အလောင်းများ ထပ်မံတွေ့ရှိ သတ်ဖြတ်ခံရသူ ၅၀ နီးပါးရှိလာပြီဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် ပခုက္ကူ တပ်မ ၁၀၁ မှ လာသော စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းသည် မြစ်ခြေမြို့ပေါ်မှ နေအိမ်များ၊ ဈေးတန်းများ၊ ထန်းတောချာက်ရွာ ၊ ညောင်ပင်ရွာ ၊ ဥယာဉ်ရွာ ၊ နံဂတ်ရွာ ၊ မွန်းနံကုန်းရွာ ၊ အင်းဝိုင်းရွာ ၊ ကူကျွန်းရွာ၊ အိုင်ရှည်ရွာ နှင့် သဖန်းပင်ရွာ အပါအဝင် ရွာပေါင်း ၁၀ ခုကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော ကျေးရွာများမှ ပြည်သူများ အပါအဝင် မြစ်ခြေမြို့မှ ပြည်သူ ၅၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို သတ်ဖြတ်ခဲ့သည့် နေရာများတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန် စစ်တပ်စစ်ကြောင်းက မြစ်ခြေမြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြစ်ခြေမြို့ပေါ်ကို ဇွန်လ ၆ ရက်နေ့က ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်စဉ် မီးလောင်ပြင်၌ စစ်သားများက မီးရှို့သတ်ဖြတ်ထားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဒေသပြည်သူအများစုသည် စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ကြောက်လန့်နေကြပြီး နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဟိုနေ့က ရှင်းလင်းရေးဝင်တာ အလောင်း ၅ လောင်းလောက်ထပ်တွေ့တယ်လို့ သိရတယ်။ မြို့ပေါ်မှာတော့ စစ်ခွေးက မရှိတော့ဘူး။ မြစ်ခြေမြို့ရှင်းလင်းရေးက အကုန်မလုပ်နိုင်သေးဘူး။ တချို့ကကြောက်တော့ မဖယ်ရဲ မကိုင်ရဲတွေဖြစ်နေတယ်။ ထနောင်းကုန်းရပ်ကွက်ထဲမှာ ပုတ်ဆော်တွေက နံနေတုန်းပဲ အကုန်လုံးကို ရှင်းလင်းရေး မဝင်နိုင်သေးဘူး။ အခုအဲ့ စစ်ခွေးစစ်ကြောင်းက ပခုက္ကူ တပ်မ ၁၀၁ ကို ဆုတ်သွားပြီလို့ကြားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

မြစ်ခြေမြို့ပေါ်တွင် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ဆွဲကြီးရပ်ကွက်မှ နေအိမ် ၃၂၀ ၊ ရွာသာအေးရပ်ကွက်မှ နေအိမ် ၅၀၊ ဖိုကုန်းရပ်ကွက်မှ နေအိမ် ၂၀၊ ထနောင်းကုန်းရပ်ကွက်မှ နေအိမ် ၁၀၀နှင့် မြို့သစ်ရပ်ကွက်မှ နေအိမ် ၃၀ မီးလောင်ပြာကျခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများမှ နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဘိုးတော်ကြီးတစ်ယောက်ကို လ-ည်-လ-ှ ီး- သ-တ-်ပြီး သွေးကို ကျနော့်ပါးစပ်ထဲ ထည့်တာ”
မြစ်ခြေမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူနဲ့ မေးမြန်းချက်

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသ ပုဂံမြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၄၀ ခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် စွန့်ပစ်ခဲ့ပါတယ်။

မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်တဲ့ ပုဂံ-ညောင်ဦးမြို့ရှိ စစ်အုပ်စုနဲ့ ပခုက္ကူမြို့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် – တပ်မ ၁၀၁ က စစ်အုပ်စုတို့ ပူးပေါင်းကာ မေလ ၁၀ရက်က စလို့ ပုဂံမြို့တဖက်ကမ်းရှိ မြစ်ခြေမြို့ကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။

ဇွန်လ ၂ရက်မှာ စစ်အုပ်စုတွေ မြစ်ခြေမြို့ပေါ်က ပြန်ထွက်သွားလို့ ဒေသခံတွေ မြို့ထဲဝင်ကြည့်ချိန် ပြန့်ကြဲ၊ ပုပ်ပွနေတဲ့ အလောင်းတွေ၊ မြေမြှုပ်ထားတဲ့ အလောင်းတွေနဲ့ မီးရှို့ထားတဲ့ အရိုးစုတွေ တွေ့ရတာလို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

မြစ်ခြေမြို့မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံရပြီး မသတ်ခင်လေးမှာ ထွက်ပြေးလွတ်မြောက်လာပြီး အသက်ဘေးက ကင်းလွတ်ခဲ့တဲ့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။


Leave a Reply