ကချင်ပြည်နယ် ရွှေကူမြို့ကို ဝင်ထွက်နိုင်သည့်လမ်းများကို ကချင်လွတ်လပ်ရေးတပ်(KIA)က သွားလာခွင့် ပိတ်ပင်လိုက်ပြီး မြို့ခံများကိုလည်း မြို့မှ ထွက်ခွာတိမ်းရှောင်ကြရန် ယနေ့ ဇွန် ၈ ရက် ရက်စွဲနှင့် သတိပေးထုတ်ပြန်လိုက်သည်။
KIA တပ်မဟာ(၁၁)လက်အောက်ခံ တပ်ရင်း(၁၂)မှ တပ်ရင်းမှူးလက်မှတ်ဖြင့် ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ရွှေကူမြို့အတွင်းရှိ ဒေသခံများအားလုံး ရွှေကူမြို့တွင်းမှ တိမ်းရှောင်ကြရန် ဖော်ပြထားသည်။
ရွှေကူမြို့ အဝင်လမ်းမကြီးနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရွှေကူ-ငါးအိုးလမ်းပိုင်းကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်ဟုဆိုသည်။ ရွှေကူမြို့မှ ထွက်ခွာရန် မြို့တောင်ဘက်သို့ ဦးတည်သည့် တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွား လမ်းပိုင်းကို မသုံးရန်လည်း သတိပေးထားသည်။
ပိတ်ပင်ထားသည့် လမ်းပိုင်းများကို သွားလာသူများနှင့် မြို့တွင်း၌ ဆက်လက်နေထိုင်သူများအား နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူမည်မဟုတ်ဟုလည်း KIA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်ကြောင့် KIA က ရွှေကူမြို့ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဆိုသည့် သတင်းများ ပြန့်နှံ့နေပြီး KIA နှင့် နီးစပ်သည့် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မှတ်ချက်မပေးလိုဟု ပြောသည်။
“စစ်ရေးအရ အရေးကြီးလို့ ထုတ်ပြန်တာဖြစ်မှာပါ။ လိုအပ်လို့လည်း ထုတ်ပြန်တာပါ။ စစ်ရေးကိစ္စဖြစ်နေတော့ (မြို့ကို)တိုက်၊ မတိုက်ဆိုတာ ပြောလို့မရပါဘူး” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ရွှေကူမြို့တောင်ဘက် မိုင် ၃၀ ကျော်အကွာရှိ ရှမ်းပြည်နယ်မြောက်ပိုင်း ငါးအိုးမြို့မှတဆင့် စစ်ကောင်စီတပ်များမှာ မေ ၅ ရက်မှ စတင်ကာ ရွှေကူမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေပြီး KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေသည်။
တစ်လကျော်ကြာ တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အဆိုပါ စစ်ကြောင်းမှာ ရွှေကူမြို့သို့ သွားရောက်နိုင်ခြင်းမရှိသေးဘဲ ရွှေကူမြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ မန်နားရွာတွင် ရပ်တန့်နေသည်။
ရွှေကူနှင့် ငါးအိုးမြို့ကြားတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသလို ဗန်းမော်တွင်လည်း မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇွန် ၅ ရက်နေ့က Myanmar Now ကို ပြောဆိုထားသည်။
( KIA တပ်ဖွဲ့ဝင်အချို့လုံခြုံရေး စစ်ဆေးနေသည်ကို ကချင်ပြည်နယ် နေရာတစ်ခုအတွင်း ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။ ဓါတ်ပုံ-AFP)


Leave a Reply