ထိုင်းလဝက မူဝါဒသစ်ဖြင့် လူ ၁၆၀,၀၀၀ ကျော်ကို ဝင်ခွင့်ပိတ်ပင်စာရင်းသွင်း၊ ကျားဖြန့်ဂိုဏ်းများကို အဓိကပစ်မှတ်ထား
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ ဗီဇာအလွဲသုံးစားမှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို အမြစ်ပြတ်ချေမှုန်းရန် ထိုင်းလဝကဌာန က “No Entry, No Stay, No Escape” (ဝင်ခွင့်မပေး၊ နေခွင့်မပေး၊ အလွတ်မပေး) ဟူသော မူဝါဒသစ်ဖြင့် အကြီးအကျယ် ကိုင်တွယ်လျက်ရှိကြောင်း ထိုင်းအစိုးရ ပြန်ကြားရေးဌာန (PRD) ၏ ဇွန်လ ၆ ရက် တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
“No Entry” (ဝင်ခွင့်မပေး) မူဝါဒအရ ခရီးသွားယောင်ဆောင်၍ ဝင်ရောက်လာမည့် ကျားဖြန့် ဂိုဏ်းများနှင့် တရားမဝင်အလုပ်သမားများကို လေယာဉ်ပေါ်မတက်ခင်ကတည်းက စိစစ်တားဆီးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအတွင်း လုံလောက်သော ပြသငွေ မပြနိုင်ခြင်း၊ ခရီးစဉ်အသေးစိတ် မပြောနိုင်ခြင်းနှင့် ဗီဇာသက်တမ်းတိုးရန် နယ်စပ်ဖြတ်ကျော်ခြင်း ၊ ရာဇဝင်ရှိခြင်းတို့ကြောင့် နိုင်ငံခြားသား ၂၉,၄၉၀ ဦးကို ဝင်ခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒစ်ဂျစ်တယ်စိစစ်ရေးစနစ် (APPS) အတွင်း လူပေါင်း ၁၅၉,၅၀၆ ဦးကို Blacklist သွင်းထားပြီး လေယာဉ်မစီးမီကတည်းက ကြိုတင်ပိတ်ဆို့ထားကြောင်း ဆိုသည်။
“No Stay” (နေခွင့်မပေး) မူဝါဒအရ ဗီဇာအမျိုးအစား လိမ်လည်သုံးစွဲသူများကို အဓိကပစ်မှတ်ထားသည်။ အထူးသဖြင့် ကျောင်းသားဗီဇာ (ED Visa) သို့မဟုတ် ပရဟိတလုပ်အားပေးဗီဇာ (Volunteer Visa) ကိုင်ဆောင်ထားပြီး အတန်းမတက်ဘဲ အလုပ်ခိုးလုပ်နေသူများကို ဖော်ထုတ်ကာ ဗီဇာချက်ချင်းပယ်ဖျက်လျက်ရှိရာ၊ လတ်တလောတွင် ကျောင်းသားအတုများ၏ ED Visa ပေါင်း ၆၆၈ ခုကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရက်လွန်နေထိုင်သူ (Overstay) နှင့် တရားမဝင်အလုပ်သမား စုစုပေါင်း ၁၄,၁၆၁ ဦးကို ဖမ်းဆီးထားပြီး ပြည်နှင်ဒဏ်ပေးရန် စီစဉ်နေကြောင်း ဆိုသည်။
“No Escape” (အလွတ်မပေး) အပိုင်းတွင် လဝက၏ နည်းပညာ Big Data အချက်အလက်များကို ဒေသခံရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ရှောင်တခင် ဝင်ရောက်စီးနင်းလျက်ရှိပြီး၊ တနိုင်ငံလုံးရှိ အန္တရာယ်ရှိသော ပစ်မှတ်နေရာပေါင်း ၁၉၀ ခုကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ချွန်ပူရီ (ပတ္တရား) ၌ ၁၄၇ ကြိမ်ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး၊ ချင်းမိုင်တွင် ကိုးကြိမ်၊ ဖူးခက်တွင် ရှစ်ကြိမ်အထိ စီးနင်းခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များက စည်းကမ်းရှိရှိ လာရောက်လည်ပတ်မည့် ခရီးသွားအစစ်အမှန်များနှင့် တရားဝင်အလုပ်သမားများကို နွေးထွေးစွာ ဆက်လက်ကြိုဆိုနေသော်လည်း၊ ဥပဒေကိုချိုးဖောက်ပြီး စနစ်ကို လှည့်စားလိုသူများကို လဝက၏ နည်းပညာမျက်စိအောက်မှ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးထားသည်။


Leave a Reply