မြန်မာဒုက္ခသည်တွေကို စိစစ်ပြီး အလုပ်အကိုင်အခွင့်လမ်း ပေးဖို့ မလေးရှားအစိုးရ စီစဉ်နေ

မလေးရှားနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းထားသူ ၂ သိန်းကျော်ကို မလေးရှားအစိုးရက စိစစ်ပြီး၊ အလုပ်လုပ်နိုင်တဲ့သူတွေကို နိုင်ငံထဲက လူလိုနေတဲ့ ကဏ္ဍတွေမှာ ယာယီအလုပ်အကိုင်တွေ ပေးဖို့ ပြင်ဆင်နေတယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားအစိုးရဟာ ဒီနှစ်ဆန်းပိုင်းကတည်းက ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအချက်အလက်တွေကို ကောက်ယူပြီး Database စနစ်တခု လုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစလို့ “ဒုက္ခသည် မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်း” (DPP) အစီအစဉ်ကို စမ်းသပ်ကာလအနေနဲ့ တရားဝင် စတင်မှတ်ပုံတင်ပေးနေပြီ ဖြစ်ပါတယ်။

လာမယ့် ဇွန်လလယ်ပိုင်းမှာလည်း ဒုက္ခသည် ၂ သိန်းကျော်ကို စနစ်တကျ စီမံခန့်ခွဲမယ့် ဘက်စုံစီမံကိန်းကြီးကို ပြည်ထဲရေးဝန်ကြီးဌာနက အစိုးရအဖွဲ့ (Cabinet) ဆီ တင်ပြသွားဖို့ ရှိနေပါတယ်။

ဒီ DPP စနစ်သစ်အရ အသက် ၂၀ ကနေ ၄၀ ကြား ရှိပြီး အလုပ်လုပ်နိုင်တဲ့ ဒုက္ခသည်တွေကို ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေလိုမျိုး မလေးရှားမှာ လုပ်သားလို အပ်ချက်များနေတဲ့ လုပ်ငန်းခွင်တွေနဲ့ ချိတ်ဆက်ပေးသွားမှာပါ။

အလုပ်သမားတွေကို ငှားမယ့် အလုပ်ရှင်တွေအနေနဲ့ တည်ဆဲလုပ်သားဥပဒေတွေကို မပျက်မကွက် လိုက်နာရမှာဖြစ်ပြီး၊ တလကို အနည်းဆုံး လုပ်ခလစာ အမေရိကန်ဒေါ်လာ ၄၃၀ ခန့် ပေးရမယ့်အပြင် သင့်တော်တဲ့ နေထိုင်စရာနေရာပါ စီစဉ်ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအစီအစဉ်ဟာ မြန်မာဒုက္ခသည်တွေအတွက် တရားဝင် ယာယီအလုပ်အကိုင် အခွင့်အလမ်းကောင်း ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ဒီလို အချက်အလက်ကောက်ယူတာဟာ မလေးရှားမှာ အမြဲတမ်းနေထိုင်ခွင့် (PR) ဒါမှမဟုတ် နိုင်ငံသားဖြစ်ခွင့် ရဖို့အတွက် မဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြတ်ပြတ်သားသား ပြောထားပါတယ်။

မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ထိုးထားတာမျိုး မရှိဘဲ၊ ဒုက္ခသည်အရေးကို အမျိုးသားလုံခြုံရေး ရှုထောင့်ကပဲ ကြည့်လေ့ရှိတာကြောင့် အခုလုပ်ဆောင်ချက်ဟာ လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းဖို့သက်သက်ပဲ ဖြစ်ပုံရပါတယ်။

တဖက်မှာလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဒီအစီအစဉ်အပေါ် စိုးရိမ်တာတွေ ရှိနေပါတယ်။

Fortify Rights အဖွဲ့ရဲ့ ဒါရိုက်တာ ဂျွန်ကွင်လေက မလေးရှားအစိုးရအနေနဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းပေးဖို့၊ လုပ်ထုံးလုပ်နည်း မျှတဖို့နဲ့ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် အစီအစဉ်အရ စိစစ်ခံရဖို့ စောင့်နေတုန်းမှာ ဘယ်ဒုက္ခသည်ကိုမှ ဖမ်းဆီးတာ၊ ထိန်းသိမ်းတာမျိုး မရှိအောင် အစိုးရက သေချာလုပ်ပေးသင့်တယ်လို့ ပြောပါတယ်။

လက်ရှိ စမ်းသပ်ကာလအတွင်းမှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေက လူပေါင်း ၄,၀၀၀ ကျော်ကို စတင်စိစစ်မှတ်ပုံတင်ပြီးပြီဖြစ်ပြီး၊ အဲဒီထဲက အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစမ်းသပ်မှုအဆင့် အောင်မြင်ပြီးရင်တော့ ပြင်ပမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားဒုက္ခသည်တွေအပါအဝင် အခြားဒုက္ခသည်တွေကိုပါ အလုပ်အကိုင်တွေနဲ့ ဆက်လက်ချိတ်ဆက်ပေးမယ့် လုပ်ငန်းစဉ်တွေ ထွက်လာနိုင်တယ်လို့ အေဂျင်စီတွေက သုံးသပ်ထားကြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *