လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်ကို ဒရုန်းဗုံး ၉၀ ကျော်ဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား
စစ်ပြဲရွာကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာ၍ စစ်ရေးတင်းမာနေ (ရုပ်သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်ကို ဒရုန်းဗုံး ၉၀ ကျော်ဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်ပြဲရွာကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာ၍ စစ်ရေးတင်းမာနေကြောင်း လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။
မေလ ၂၂ ရက်နေ့တွင် လောင်းလုံးမြို့မှ စစ်ပြဲရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံး ၈ လုံး၊ စစ်ပြဲရွာမှ ဂေါ့အင်းရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုးလာစဉ် မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဒရုန်းဖြင့် ဗုံး ၃၅ လုံး၊ ဂေါ့အင်းရွာမှ ကဒက်ကြီးရွာသို့ ဆက်လက် စစ်ကြောင်းထိုးလာစဉ် မေလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဒရုန်းဖြင့် ဗုံး ၃၉ လုံး၊ ကဒက်ကြီးရွာမှ ဂေါ့အင်းရွာသို့ ပြန်လည်ဆုတ်ခွာလာစဉ် ဇွန်လ ၁ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို ဗုံးကျဲ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယင်းတိုက်ခိုက်မှုကို လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့(L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ်(SRF)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့်လည်း မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ အချိန်မရွေးထိုးလာနိုင်၍ တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်ခြင်း စစ်ရေးသတိအမြဲရှိပြီး နေထိုင်ကြရန် လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် စစ်ပြဲရွာကို ဝင်ရောက်လာသောကြောင့် ပြည်သူများထပ်မံ တိမ်းရှောင်နေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၃ ရက်နေ့မှ စတင်ကာ လောင်းလုံးမြို့ပေါ်က ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ပြဲကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကြောင်းအထိနာပြီး ညင်းမော်ရွာကို ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ညင်းမော်ရွာမှ စစ်ပြဲရွာကို ထပ်မံ ဝင်ရောက်လာခြင်းကြောင့် ပြည်သူများရွာလုံးကျွတ် ဆက်လက် တိမ်းရှောင်နေရပြီး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ညင်းမော်ကနေ စစ်ပြဲရွာကို ထပ်မံဝင်ရောက်လာတော့ ပြည်သူတွေ ရွာလုံးကျွတ် ဆက်လက် တိမ်းရှောင်နေရတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် စစ်ရေးက ဆက်လက်တင်းမာနေတုန်းပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။


Leave a Reply