ကံချိုင်ရွာ၌ ဆရာမဖြစ်သူ၏ ဓာတ်ပုံကိုသုံး၍ မဖွယ်မရာပြုလုပ်ခဲ့သည့် ကျောင်းသား(၃)ဦးနှင့် ထိုကိစ္စအား ဖုံးဖိပေးရန်ကြိုးပမ်းသည့် ကျောင်းအုပ်ကြီးအပါဝင် ဆရာမအချို့ကြောင့် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားရ

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ငပုတော့မြို့နယ်ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာရှိ စစ်ကျွန်ပညာရေး အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က – ကံချိုင်) တွင် အလယ်တန်းပြဆရာမတစ်ဦး၏ TikTok အကောင့်မှ ဓာတ်ပုံများကို ရယူကာ မဖွယ်မရာစာသားများ ရေးသားဖြန့်ဝေခဲ့သည့် ကျောင်းသား (၃) ဦးအား အရေးယူပေးရန်နှင့် ယင်းဖြစ်စဉ်ကို မမှန်မကန် ဖုံးဖိရန် ကြိုးပမ်းခဲ့သည့် ကျောင်းအုပ်ကြီးနှင့် ဆရာမအချို့၏ လုပ်ရပ်အပေါ် တရားမျှတမှု ရရှိရန် ရဲစခန်း၌ တိုင်ကြားထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ(၂၈) ရက်နေ့က အ.ထ.က (ကံချိုင်) ကျောင်းမှ Grade 9 ကျောင်းသားများဖြစ်ကြသည့် မောင်စိုးပြည့်ရှင်း (ဘ) ဦးအောင်မြင့်+ဒေါ်ခင်မိုး၊ မောင်သွင်ထူးအောင် (ဘ) ဦးအောင်ဌေး+ဒေါ်ရီရီ နှင့် Grade 8 ကျောင်းသား မောင်ထက်မြတ်သူ (ဘ) ဦးချစ်ကိုကို+ဒေါ်မေဇွန်ဖြိုး တို့ (၃) ဦးသည် အလယ်တန်းပြဆရာမ ဒေါ်(……) ၏ TikTok အကောင့်မှ ဓာတ်ပုံများကို ယူဆောင်ကာ မဖွယ်မရာစာသားများ ရေးသား၍ ကျောင်းသားအချင်းချင်း မျှဝေခြင်း၊ TikTok ပေါ်တွင် ပြန်လည်တင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသွယ်မှ ဖြေရှင်းပေးမည်ဟုဆိုကာ ကာယကံရှင်ဆရာမအား နေအိမ်သို့ ပြန်လွှတ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီးနှင့် အလယ်တန်းပြဆရာမ (၃) ဦးတို့သာ အချင်းချင်း လက်မှတ်ရေးထိုးပြီး ကျောင်းသားများကို (၂) ပတ် ကျောင်းနားခွင့်ပေးကြောင်း ခံဝန်ကတိပြုလုပ်ခဲ့ကြသည်။ သို့သော် ယင်းခံဝန်ကတိပြုလုပ်မှုကို ကာယကံရှင် ဆရာမဖြစ်သူမှာ တစ်စုံတစ်ရာ သိရှိခြင်းမရှိသလို၊ လက်မှတ်ရေးထိုးရာတွင်လည်း ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ကျောင်းအုပ်ဆရာမကြီးမှ (၂) ပတ်ထက်ပို၍ ကျောင်းထုတ်ပိုင်ခွင့်မရှိဟု အကြောင်းပြခဲ့ပြီး ကျောင်းသားများနှင့် မိဘများသည်လည်း ဖြစ်ပွားပြီးနောက်ပိုင်း ကာယကံရှင် ဆရာမထံ တစ်ကြိမ်တစ်ခါမျှ လာရောက်တောင်းပန်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ခံဝန်ကတိတွင် ပါဝင်လက်မှတ်ထိုးခဲ့သည့် ဆရာမများကလည်း ကျောင်းသားမိဘများအား ကာယကံရှင်ဆရာမထံ သွားရောက်တောင်းပန်ရန် မလိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု မိဘများ၏ ပြန်လည်ပြောပြချက်အရ သိရသည်။
အဆိုပါ အ.ထ.က (ကံချိုင်) ကျောင်းတွင် ယခုကဲ့သို့ ကျောင်းတွင်းမတရားမှုများအပြင် ဟိုးအရင်ကတည်းကပင် ကျောင်းသား/သူများ ဆုရရှိလိုပါက ဆရာမအချို့မှ “ဘာပေးပါ၊ ညာပေးပါ” ဟု ပစ္စည်း သို့မဟုတ် လာဘ်ငွေ ပြောင်ပြောင်တင်းတင်း တောင်းခံလေ့ရှိသည့် အကျင့်ပျက်ခြစားမှုများလည်း ရှိခဲ့ကြောင်း အများပြည်သူအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ကျောင်းအာဏာပိုင်များ၏ မတရားသဖြင့် ဖိနှိပ်ဖြေရှင်းမှုနှင့် ကျောင်းတွင်း မကောင်းသတင်းများကြောင့် ညှိနိုင်၍မရတော့သဖြင့် ဇွန်လ (၈) ရက်နေ့တွင် ကာယကံရှင်ဆရာမမှ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပြီးနောက်၊ တိုင်ကြားသည့်ညမှသာ ကျောင်းသားမိဘများက ဆရာမထံ လာရောက်တောင်းပန်ရန် ရောက်ရှိလာခဲ့ကြသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိဘနှင့် ဆရာမအချို့ ပူးပေါင်းကာ ကာယကံရှင်ဆရာမအပေါ် နိုင်ထက်စီးနင်း အရှက်ခွဲခြင်း၊ မတရားသဖြင့် ဖုံးဖိရန် ကြိုးပမ်းခြင်းတို့အပေါ် အများပြည်သူ သိရှိစေရန်နှင့် တရားမျှတမှု ရရှိစေရန်အတွက် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။


Leave a Reply