နှင်းဆီပန်းပန်သူအချို့ ဖမ်းဆီးခံရ၊ ပိုင်ဇေရဲထွန်းကိုပါ ဖမ်းရန် စစ်လော်ဘီများ တိုက်တွန်း

နှင်းဆီပန်းပန်သူအချို့ ဖမ်းဆီးခံရ၊ ပိုင်ဇေရဲထွန်းကိုပါ ဖမ်းရန် စစ်လော်ဘီများ တိုက်တွန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်သည့် ယမန်နေ့ (ဇွန်လ ၁၉ ရက်)၌ ပန်းပန်သူများ၊ ပန်းပန်သည့်ပုံ အွန်လိုင်းပေါ်တင်သူအချို့ကို စစ်အုပ်စုက ဖမ်းဆီးသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့များတွင် နှင်းဆီပန်း ပန်သူများ၊ နှင်းဆီပန်းရောင်းသူများ၊ နှင်းဆီပန်း ကိုင်ဆောင်သူများ၊ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ် မွေးနေ့ကမ်ပိန်း ပါဝင်လှုပ်ရှားသူများကို စစ်အုပ်စုက နှစ်စဉ်ဖမ်းဆီးလေ့ရှိသည်။

ယခုနှစ် ဇွန်လ ၁၉ ရက်၌ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက်မွေးနေ့တွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းရှိသည်။

ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ရှမ်းပြည် တောင်ကြီးမြို့နယ်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့ နှင်းဆီကမ်ပိန်းလှုပ်ရှားမှုအား ပါဝင်၍ TikTok ၌ ရုပ်သံ တင်ခဲ့သည့် အမျိုးသမီးတဦးကို စစ်အုပ်စုတပ်က ၅၀၅ (က)ဖြင့် အရေးယူဖမ်းဆီးထားကြောင်း သိရသည်။

နွယ်နွယ် အမည်ရ အေးသာယာမြို့၊ ရပ်ကွက် (၂) ၌ နေထိုင်သည့် အမျိုးသမီးက TikTok ၌ အနီရောင်အဝတ်အစားဖြင့် နှင်းဆီပန်းကိုင်ကာ “G-Z တို့၏ တိုက်ပွဲခေါ်သံ” သီချင်းဖြင့် ဗီဒီယိုတင်ခဲ့ရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်အုပ်စုတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။

အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံစျေး၌ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီပန်းပန်၍ စျေးရောင်းသည်ဟုဆိုကာ အမျိုးသမီးတဦးကို စစ်အုပ်စုတပ်က လက်ထိပ်ခတ် ဖမ်းဆီးသွားခဲ့သလို မန္တလေးတိုင်းအတွင်း၌လည်း ဘုရားများ၌ နှင်းဆီပန်း မကပ်ရန် လိုက်လံပြောကြားခြင်းများရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့၌လည်း နှင်းဆီပန်း ပန်ခြင်းကြောင့်လည်းကောင်း၊ နှင်းဆီပန်းကို ပန်းအိုးထိုးခြင်းကြောင့်လည်းကောင်း၊ အွန်လိုင်း၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား မွေးနေ့ဆုတောင်းပေးခြင်းကြောင့်လည်းကောင်း ဖမ်းဆီးခံရသူများရှိကြောင်း မြို့ခံတဦးထံကသိရသော်လည်း အတိအကျ၊ အသေးစိတ်ကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ဇွန်လ ၁၉ ရက်တွင် မန္တလေး၌ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီ၏ အားကစားဝတ်စုံ ဝတ်၍ ပြေးခဲ့သည့် အမျိုးသားတဦးကို စစ်အုပ်စုတပ်က ရိုက်နှက် ဖမ်းဆီးသွားခြင်းရှိကြောင်း People’s Spring သတင်းဌာန၏ ဇွန်လ ၁၉ ရက်နေ့က ဖော်ပြခဲ့သည့် သတင်းအရ သိရသည်။

ထို့ပြင် စစ်အုပ်စုတပ် လော်ဘီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် အွန်လိုင်းပေါ်၌ နှင်းဆီပန်းကိုင်ဆောင်ထားပုံ တင်သူများ၊ နှင်းဆီပန်း ပန်ထားသူများ၊ ဆိုင်များတွင် နှင်းဆီပန်းအိုး ထိုးထားသည်များကို ဓါတ်ပုံများနှင့်တကွ ဖမ်းဆီးရန် ဝါဒဖြန့်နေမှုများကို ယနေ့ (ဇွန်လ ၂၀ ရက်) ညနေပိုင်းအထိ တွေ့ရသည်။ ထိုသို့ စစ်အုပ်စုလော်ဘီများ ဝါဒဖြန့်သည့်အနက် သရုပ်ဆောင် ပိုင်ဇေရဲထွန်းလည်း ပါဝင်သည်။

ပိုင်ဇေရဲထွန်း တင်ဆက်သူအဖြစ် တာဝန်ယူထားသည့် The Masked Singer Season-3 အစီအစဉ် ဇွန်လ ၁၉ ရက်နေ့ညပိုင်းက ထုတ်လွှင့်ခဲ့သည့် အပိုင်း၌ ၎င်းက ဝတ်စုံအနက်ရောင်ပေါ်၌ နှင်းဆီပန်းနီကို ရင်ဘက်တွင် ရင်ထိုးသဖွယ် ချိတ်ထားခဲ့သည်။

စစ်အုပ်စုလော်ဘီတဦးဖြစ်သည့် မှိုင်းဝေက “ အနုပညာကိုဗန်းပြပြီး အကြမ်းဖက်အားပေးသူတွေရဲ့ လှုံ့ဆော်မှုကို ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဆောင်တယ်ဆိုရင်တော့ အကြမ်းဖက်အားပေးဖြစ်သလို အကြမ်းဖက်မှုတွေကို ထောက်ပံ့မှုပြုနေတယ်လို့ ယူဆရလိမ့်မယ်” ဟု ရေးသားထားသည်။

အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်သူများ အသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာများအား ၂၄ နာရီစောင့်ကြည့်နေကြောင်း ပြောကြားသွားခြင်းရှိသည်။

ထိုသို့ စောင့်ကြည့်မှုများ၏ နောက်ဆက်တွဲအနေဖြင့် တော်လှန်ရေးအား ထောက်ခံသူများ အပါအဝင် ၎င်းတို့အား မထီမဲ့မြင်ပြုသူများအား ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)တို့ဖြင့် အရေးယူသွားမည့်အကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခြင်းရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *